Home » » အချုပ်သားလွတ်မြောက်သွား၍ မြို့နယ်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး အရေးယူခံရ

အချုပ်သားလွတ်မြောက်သွား၍ မြို့နယ်စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး အရေးယူခံရ

Written By Unknown on Monday, November 18, 2013 | 7:17 PM

ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာစဉ် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား၍ ကသာမြို့နယ် ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် စစ်ဆေးအရေးယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၅ ရက်က ကသာခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းအချုပ်သို့ ပြန်လည်ခေါ်ဆောင်လာသည့် ထွန်းထွန်းဝင်းဆိုသူ  အချုပ်သား လွတ်မြောက်သွားခြင်းကြောင့် တာဝန်အရှိဆုံးဖြစ်သည့် စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ဝင်များကိုပါ အရေးယူထားခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။
““တာဝန်ပေါ့လျော့လို့ ဥပဒေအတိုင်း အရေးယူထားတာပါ။ လောလောဆယ်တော့ ထွက်ပြေးသွားတဲ့ အချုပ်သားကို အမြန်ဆုံးပြန်ဖမ်းမိရေး ဦးစားပေးလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်”” ဟု အဆိုပါရဲအရာရှိကပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသော အချုပ်သားမှာ မူးယစ်ဆေးဝါးပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူထားသူဖြစ်ပြီး ၎င်း၏လက်နှစ်ဖက်ကို သော့ဖြင့်ခတ်ထားသည့် သံကြိုးကို ဖြုတ်ပြေးသွားခြင်းဖြစ်ကြောင်း ကသာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါရက်က ကသာမြို့နယ် ရဲစခန်းအချုပ်မှ အချုပ်သားငါးဦးအား ခရိုင်တရားရုံးတွင် စစ်ဆေးပြီး ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်ရာမှ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

7day Daily