Home » » ထောင်တွင်း သေဆုံးခဲ့သော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု များကို ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့မည်

ထောင်တွင်း သေဆုံးခဲ့သော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု များကို ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့မည်

Written By Unknown on Monday, November 25, 2013 | 1:12 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၄

တပ်မတော်အစိုးရ လက်ထက်က နိုင်ငံရေး အမှုအမျိုးမျိုးဖြင့် အကျဉ်းကျ ခံခဲ့ရပြီး ထောင်အတွင်း သေဆုံးခဲ့သော နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု တစ်စုလျှင် ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီထောက်ပံ့ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်တော့ ကျပ် ၁၀ သိန်းလို့ သတ်မှတ်ထားပါတယ်။ ထပ်တိုးပေးဖို့လည်း ညှိနှိုင်းနေပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

အကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံး ခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၁၆၂ ဦး ရှိပြီး ၎င်းတို့၏ မိသားစုဝင်များကို ထောက်ပံ့ရန်အတွက် ယခုလောလောဆယ်တွင် စုံစမ်း ဆက်သွယ်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကူညီထောက်ပံ့ရေး ပထမအရစ် အနေနှင့် မိသားစု ငါးဆယ်ကို စတင်ထောက်ပံ့ပေးမည် ဖြစ်ပြီး၊ အကျဉ်းထောင် ပြင်ပတွင် သေဆုံးခဲ့သော နိုင်ငံရေး အကျဉ်းသား များကိုလည်း ထောက်ပံ့ရန် စီစဉ်လျက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
“အကျဉ်းထောင် အပြင်ကို ရောက်မှ တစ်လအတွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားတဲ့ သူတွေကိုလည်း ပေးအပ်ဖို့ စီစဉ်နေပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားများ အဖွဲ့မှ ဦးမြင့်အောင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို ၁၃ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော် လွတ်မြောက်ခဲ့ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီထံမှ သိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများကို ကူညီ ထောက်ပံ့ရေးအတွက် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ အတွင်း အကျဉ်းကျ ခံခဲ့ရစဉ် သေဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို စာရင်း ကောက်ယူထားပြီး ကျန်ရစ်သူ မိသားစုများ အနေနှင့် မိသားစုဝင် ဖြစ်ကြောင်း အထောက်အထားနှင့်တကွ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP ထံသို့ ဆက်သွယ်ပေးရန် အဆိုပါ အဖွဲ့များမှ ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly