Home » » အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြပွဲ စစ်တွေနှင့် ပေါက်တောတွင် ပေါ်ပေါက်

အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြပွဲ စစ်တွေနှင့် ပေါက်တောတွင် ပေါ်ပေါက်

Written By Unknown on Monday, November 4, 2013 | 1:44 PM

ဒဏ်ရာရရှိသူ ဘင်္ဂလီများကို ICRC မှ လုပ်ငန်းသုံး အမြန်ယာဉ်နှင့် စစ်တွေဆေးရုံးကို တင်ပို့ပြီး တိုက်ခိုက် ခံရသည့် ဒေသခံ ရခိုင်အမျိုးသမီးများကို တစုံတရာ ကူညီမပေးသည့် အတွက် ပေါက်တောမြို့ သာသနာ့ ဗိမာန်ကြီးတွင် ယမန်နေ့က အရေးပေါ် လူထု အစည်းအဝေး တရပ်ကျင်းပပြီး ကြေငြာချက် တစ်စောင် ထုတ်ပြန် တောင်းဆို ခဲ့သည်ဟု သတင်း ရရှိသည်။

တောင်းဆိုချက်ထဲတွင်  အချက် ၉ ချက် ပါဝင်သည်ဟု ပေါက်တောမြို့မှ ဒေသခံ လူကြီး တစ်ဦးက ပြောသည်။

တောင်းဆိုသည့် ကြေငြာချက်ထဲတွင် ပေါက်တောမြို့နယ် ဆင်တက်မော်ပြဿနာတွင် ရက်စက်စွာ သတ်ဖြတ်ခံရသည့် ဌာနေ ရခိုင်လူနာများအား ICRC မှ ခွဲခြားပစ်ပယ် ဆက်ဆံမှုကို လုံးဝ ကန့်ကွက်ကြောင်းနှင့်  ပေါက်တောမြို့တွင် ဒေသခံများမဟုတ်သော NGO- INGO များအတွက် အိမ်းငှားရမ်း မှုကို ကန့်ကွက်ကြောင်း ဦးစွာ ဖေါ်ပြသည်။

၎င်းပြင် ဒေသအတွင်း ဒေသခံများမဟုတ်သော NGO-INGO များရပ်တည် လှုပ်ရှားမှုများကို လုံး ၀ကန့်ကွက်သည် (၂ ရက်အတွင်း ထွက်ခွာကြရန်)၊ ပေါက်တောမြို့နယ်အတွင်း ဘင်္ဂလီများ ကျူးလွန်နေ သည့် ကျွဲ၊ နွားခိုးယူ ပြစ်မှုအသီးသီးအား သက်ဆိုင်ရာမှ ဥပဒေအရ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

အလားတူ စစ်တွေမြို့တွင်လည်း NGO များ၏ တဖက်သတ် လုပ်ဆောင်မှုများကို မကျေနပ်သဖြင့်  စစ်တွေမြို့ခံ ၂၀၀ ခန့်က ဆေးရုံးကြီးရှေ့တွင် နိုဝင်္ဘာလ ၃ ရက် (မနေ့) က ဆန္ဒပြတောင်းဆိုခဲ့သည်ဟု သတင်းရရှိသည်။

ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး စစ်တွေမြို့နယ် စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော် များအဖွဲ့မှ ဦးဓမ္မဓဇက နိရဉ္စရာသို့ ယခုလို မိန့်ကြားသည်။

“ ဆင်တက်မော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စိုက်ထားတဲ့ ကျွန်းပင်တွေကို ဘင်္ဂလီတွေက ထင်းဝင်ခုတ်တယ်။ ရွာသားတွေက တားမြစ်ပါ တယ်။ အဲဒီမှာ စကားများ ပြဿနာဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်မှာ တာဝန်ရှိက ဟန့်တားပေမယ့် မရတဲ့ အတွက်ကြောင့် ခြိမ်းခြောက် ပစ်ခတ်တဲ့ အတွက် ဘင်္ဂလီ ၃ ဦး ဒဏ်ရာရတယ်။ အဲဒါကို မကျေနပ်လို့ ဆင်အိုင်ကျေးရွာက မမေသန်းခင်အပါအ၀င် အမျိုးသမီး ၅ ယောက်ကို ဘင်္ဂလီလူအုပ်ကြီးက လိုက်ပြီး ဓါးနဲ့ ခုတ်ကြတယ်။ တယောက်က သေပြီးတော့ မမေသန်းခင်မှာ ဒဏ်ရာရတယ်။ NGO တွေက ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကို စပိဘုတ်နဲ့ယူဆောင်သွားပြီး တော့  မမေသန်းခင်ကို မယူခဲ့ဘူး။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတောင်းဆိုရတာ ဖြစ်ပါတယ်”  ဟု ၎င်း ဦးဇင်းက ဆိုသည်။

ဒဏ်ရာရသူ ဘင်္ဂလီ ၃ ဦးကိုသာ တင်ဆောင်ပြီး ရခိုင်အမျိုးသမီးကို မတင်ဆောင်ဘဲ ထွက်ခွါသွားသော NGO မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ဖြစ်ကြောင်း ဦးဇင်းက ဆက်ပြောသည်။

ဆင်အိုင်ကျေးရွာသူများ တိုက်ခိုက်ရခြင်းနှင့် ပတ်သတ်ပြီး စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီ စောင့် ရှောက်ရေး ရဟန်းတော်များအဖွဲ့ကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ကို အချက် (၃) ချက်ပါ တောင်းဆိုချက် တခုကို ယမန်နေ့က ရေးသားတောင်းဆိုခဲ့သည်ဟု သိရသည်။

တောင်းဆိုချက်တွင် ပါဝင်သည့် အချက်များကို စည်းကမ်းထိမ်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်း တော်များ ကွက်ယက် ဥက္ကဌ သာသနာ့ဘုံမြေကျောင်းဆရာတော် ဦးသုဂန္ဓက ယခုကဲ့သို့ ဖတ်ပြသည်။

“ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ ဗုဒ္ဓဘာသာများ အမြတ်တနိုးထားသည့် ဘုရား၊စေတီ တောင်ပေါ်ရှိ သစ်ဝါးများကို ခုတ်ယူမှုကို ဗုဒ္ဓဘာသာဝင်ရခိုင်များ ဟန့်တားရာမှ ပြဿနာစဖြစ်ကြရာ လုံခြုံရေးတာဝန် ခံများမှ ငြိမ်းချမ်းအောင်လုပ်ဆောင်မှုကို အာခံပြီး အပြစ်မရှိ မိမိတို့ စားဝတ်နေရေးအတွက် ငါးရှာ ဟင်းခူးသည့် ရခိုင် ဗုဒ္ဓဘာသာ အမျိုးသမီးနှစ်ကို ရက်စက်စွာသတ်ဖြတ်ခြင်း။ ကျေးတောအုပ်စု ဗျိုးဖြူရွာတွင် အမျိုးသမီးများ ကို ဆေးကုပေးသည့် အန်ဂျီအို အချို့ကြောင့် ကိုယ်ဝန်ပျက်ကျသည့် အမျိုးသမီးမြောက်များစွာရှိခြင်းကိုလည်း ကြားမြင်သိရှိ နေရပါသည်။ စစ်တွေမြို့ နေရာအနှံ့အပြားတွင် ဈေးများများပေးကာ အိမ်၊ ကားဂိုတောင်များကို ငှားရမ်းပြီး ဘင်္ဂလီများနှင့်ပူးပေါင်းကာ အဖျက်လုပ်ငန်းများ လုပ်ဆောင်နေသည်ကို ကြားမြင်နေရသည်။ သို့ပါ၍ အထက်ပါ အချက်များကို မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုသည်။”

ကျေညာချက်ပါ အချက်အလက်များ ဟုတ်မဟုတ်ကိုမူ နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ယမန်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ရဟန်းတော်များ တွေ့ဆုံရန် တောင်းဆို ခဲ့သော်လည်း ရုံး ပိတ်ရက်ဖြစ်သည့် အတွက် မတွေ့ဆုံနိုင်ခဲ့သော်လည်း ယနေ့နံက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးမှ ရဟန်းတော် များနှင့် ၀န်ကြီးချုပ်တွေ့ဆုံရန် အကြောင်းကြားလာကြောင်း၊ ယနေ့ နံနက် ၁၀ နာရီတွင် NGO အဖွဲ့များနှင့် ၀န်ကြီးချုပ် တွေ့ဆုံရန် ရှိကြောင်းလည်း ဖုန်းဖြင့် အကြောင်း ကြားလာကြောင်း ဆရာတော်က ပြောဆိုသွားသည်။

(နိရဉ္စရာ- ၄ နိုဝင်္ဘာ ၂၀၁၃) မောင်ရမ္မာ/ မောင်အေး