Home » » လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းပေးရေး တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော

လက်ပံတောင်းတောင် စီမံကိန်း ရုပ်သိမ်းပေးရေး တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော

Written By Unknown on Saturday, November 30, 2013 | 1:55 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၉

လက်ပံတောင်းတောင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ရုပ်သိမ်းပေးရေး အတွက် ဒေါ်နော်အုန်းလှ အပါအဝင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြသူများမှာ ဆူးလေ ဘုရားအနီးမှ စတင်ကာ တရုတ်သံရုံးအထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ပြီးနောက် တရုတ်သံရုံးနား အရောက်တွင် တရုတ်နိုင်ငံ အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“မီးရှို့ဆန္ဒပြလိုက်တယ်ဆိုတာ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းစေချင်လို့ပါ” ဟု ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင် ဦးစည်သူက ပြောကြားသည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်ပြီး အများပြည်သူ သဘောဆန္ဒမရှိသော လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်ရေး၊ ဝမ်ပေါင်ကုမ္ပဏီ လုပ်ငန်းကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် ရဟန်းပြည်သူများကို အကြမ်းဖက် ဖြိုခွင်းသူနှင့် အမိန့်ပေး ခိုင်းစေသူများကို အမြန်ဆုံး ဖော်ထုတ်ပေးရေးတို့ကို တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် တက်ကြွ လှုပ်ရှားသူများက ဆိုသည်။

ဒီမိုကရေစီ နိုင်ငံအတွင်း ပြည်သူများ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့် ရှိသော်လည်း တခြားနိုင်ငံ အလံများကို မီးရှို့ ဆန္ဒထုတ်ဖော်ခြင်းသည် မိမိနိုင်ငံ၏ ပုံရိပ်ကို ကျဆင်းစေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“သူများနိုင်ငံ အလံကို မီးရှို့ရလောက်အောင် ပြင်းပြင်းထန်ထန် လုပ်တာကတော့ နောက်ကွယ်က နိုင်ငံရေးပိုင်းတွေ အများကြီး ဆက်နွှယ်မှု ရှိလာနိုင်တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာ တရုတ်သံရုံးရှေ့ရှိ အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းသော်လည်း မီဒီယာများကို ရှင်းပြရန် အချိန်မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းကို တပ်မတော် အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ်မှုများကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ အင်အားသုံး နှိမ်နင်းမှုကြောင့် သံဃာတော်များနှင့် ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအတွက် တရားဝင် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း မရှိကြောင်း ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင်များက ပြောကြားသည်။

The Voice Weekly