Home » » မြန်မာနိုင်ငံအား ဒေသတွင်း ခေါင်းဆောင်နိုင်ငံ ဖြစ်လာစေရန်နှင့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တခုဖြစ်လာစေရန် အမေရိကန်ပြည်ထောင်စုမှ ကူညီမည်

မြန်မာနိုင်ငံအား ဒေသတွင်း ခေါင်းဆောင်နိုင်ငံ ဖြစ်လာစေရန်နှင့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တခုဖြစ်လာစေရန် အမေရိကန်ပြည်ထောင်စုမှ ကူညီမည်

Written By Unknown on Tuesday, November 26, 2013 | 9:17 AM

အမေရိကန်ပြည်ထောင်စုအနေနှင့် လုံခြုံရေးနှင့်စီးပွားရေးဆိုင်ရာဦးစားပေးကိစ္စရပ်များအား ပြန်လည်ချိန်ညှိနေခြင်းအား မူလအတိုင်းပင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ ဆူဆန်ရိုက်စ်မှဆိုလိုက်သည်။ သမ္မတအိုဘားမား၏ စီမံချက်အတိုင်း အာရှတိုက်နှင့်သက်ဆိုင်သောကိစ္စရပ်များအား လာမည့်နှစ်တွင် ပြန်လည် အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဖြစ်သည်ဟု ဆူဆန်ရိုက်မှ ကြေငြာဆက်လက်ကြေငြာခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အစိုးရ၏မူဝါဒများနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများကြောင့် အမေရိကန်လွှတ်တော်နှင့် အိမ်ဖြူတော်တို့အကြား ထိပ်တိုက်တွေ့ခဲ့ပြီး အမေရိကန်အစိုးရယန္တရား လည်ပတ်မှုရပ်ဆိုင်းခဲ့ခြင်း (U.S Government Shutdown) ကြောင့် သမ္မတအိုဘားမား၏ အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် APEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန်၊ ဆက်လက်၍ မလေးရှားနှင့် ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွားရာက်ရန် စီစဉ်ထားခြင်းအား ဖျက်သိမ်းခဲ့ရပြီးနောက်၊ ယခုကြေငြာချက်သည် အမေရိကန်အစိုးရ၏ အာရှ-ပစိတ်ဖိတ်ဒေသဆိုင်ရာမူဝါဒအား အစိုးရထိပ်တန်းအရာရှိတဦးမှ ပထမဆုံးအကြိမ်အဖြစ် စတင်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

 (၁၆) ရက်တိုင်တိုင်ကြာမြင့်ခဲ့သော အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုကြောင့် နိုင်ငံခြားရေးဝန်ကြီး ဂျော်န်ကယ်ရီမှ သမ္မတအိုဘားမား၏နေရာအား ကိုယ်စားသွားရောက်ခဲ့သော်လည်း အမေရိကန်အစိုးရ၏ အာရှ-ပစိဖိတ်ဆိုင်ရာမူဝါဒအား ပြန်လည်ချိန်ညှိခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းထုတ်မှုများရှိလာခဲ့သည်။

သမ္မတာအိုဘားမားအနေနှင့် လာမည့်ဧပြီလတွင် အာရှတိုက်သို့ ပြန်လာမည်ဖြစ်ပြီး အာရှတိုက်အား အမေရိကန်နိုင်ငံ၏ အလေးထားမှုနှင့် ပတ်သက်၍ မေးခွန်းမထုတ်သင့်ဟု ၀ါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်ထိပ်တန်းတက္ကသိုလ်တခုဖြစ်သော ဂျော့ရှ်တောင်းတက္ကသိုလ် (Georgetown University) တွင် ဆူဆန်ရိုက်စ် မှဆိုခဲ့ခြင်းဖြစ်သည်။

အာရှ-ပစိဖိတ်ရေးရာကိစ္စရပ်များအား ပြန်လည်ချိန်ညှိမှုမှာ လက်ရှိအိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဆိုင်ရာမူဝါဒ၌ အဓိကဦးစားပေးကိစ္စရပ်တခုဖြစ်နေဆဲပင်ဖြစ်သည်ဟု ဆူဆန်ရိုက်စ်မှ ဆိုသည်။ ကမ္ဘာပေါ်၌ အခြားအရေးပါသောဒေသများ မည်မျှပင် ပေါ်ပေါက်လာစေကာမူ မိမိတို့အနေနှင့် အာရှ-ပစိဖိတ်ဒေသနှင့်ပတ်သက်၍ လုပ်ဆောင်မှုများကို မူလအတိုင်းပင် ဆက်လက်အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပြီး အာရှတိုက်တွင်းရှိ မိတ်ဖက်နိုင်ငံများ အနေနှင့်လည်း ၄င်းတို့နှင့်ထိုက်တန်သည့် အမေရိကန်ပြည်ထောင်စု၏ အလေးအနက် အာရုံစိုက်မှုအား အများဆုံးဆက်လက်ရရှိသွားမည်ဖြစ်သည် ဟု ရိုက်စ်မှ ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။

လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီ


သမ္မတအိုဘားမား၏ လတ်တလောချမှတ်ထားသည့် ရည်မှန်းချက်များ၌ အာရှ-ပစိဖိတ် ဒေသတွင်း၌ လုံခြုံရေးကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရန်၊ ဒေသတွင်း၌ အေးချမ်းသာယာဝပြောမှု ပိုမိုအားကောင်းလာစေရန်၊ ဒေသတွင်း၌ အများဆန္ဒနှင့်ကိုက်ညီသော ဒီမိုကရေစီ၏ တန်ဖိုးအနှစ်သာရများ ခိုင်မြဲလာစေရန်နှင့် လူ့ဂုဏ်သိက္ခာပိုမိုမြင့်မားလာစေရန်တို့ ပါဝင်သည်ဟု ၄င်းမှဆိုသည်။

ဒေသတွင်းလုံခြုံမှုရှိစေရန် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများအနေနှင့် လုံခြုံရေးဆိုင်ရာအစီအမံများနှင့် ပတ်သက်၍ ထပ်မံအဆင့်မြှင့်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့အား လုပ်ဆောင်သွားမည်ဖြစ်ပြီး လာမည့် သက္ကရာဇ် (၂၀၂၀) မတိုင်မီ၊ အမေရိကန်ရေတပ်ဖွဲ့များ၏ ၆၀% အား ပစိဖိတ်ဒေသတွင်းအခြေစိုက်တပ်စွဲသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံနှင့်ပတ်သက်၍လည်း အင်အားကြီးနိုင်ငံများအကြားထားရှိသော ဆက်ဆံရေးတရပ်ကို ဖေါ်ဆောင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား အားပြိုင်မှုကို ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်သလို၊ အာရှတိုက်တွင်းသာမက၊ အာရှတိုက်ပြင်ပဒေသများတို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သောကိစ္စရပ်များနှင့် ပတ်သက်၍လည်း အတွင်းကျကျဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရန်ဆောင်ရွက်မည် ဖြစ်သည်ဟု ရိုက်စ်မှဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေနှင့် အခြေခံကျသည့် စည်းမျဉ်းဥပဒေသများကို လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအခြေခံသဘောတရားများအား ဆက်လက်၍ လေးစားလိုက်နာသွားမည်ဖြစ်သည်။ အထက်ပါအချက်များသည် လူအများမှ လိုလားလက်ခံကြသည့် ဘုံရည်မှန်းချက်များဖြစ်ကြပြီး မည်မျှပင်အခက်အခဲကြုံရသည်ဖြစ်စေ၊ အခြားရွေးချယ်စရာမရှိသည့် အနေအထား၌ဖြစ်စေ မိမိတို့အနေနှင့် ၄င်းအချက်အား ဖေါ်ဆောင်သွားမည်ဖြစ်သည်ဟု သူမမှရှင်းလင်းပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံအနေနှင့် ၄င်း၏နျူကလီးယားလက်နက်ထုတ်လုပ်ရန်စီမံချက်အား ဖျက်သိမ်းရန်လိုအပ်ပြီး ထိုအချက်သည် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံလုံး၏အကျိုးစီးပွားနှင့် သက်ဆိုင်နေသည့် ဥပမာတရပ်ပင်ဖြစ်သည်ဟု ဆိုသည်။

မြောက်ကိုရီးယားအရေး

အမေရိကန်ပြည်ထောင်စုအနေနှင့် မြောက်ကိုရီယားမှလုပ်ဆောင်နေသော နျူကလီးယားအစီအစဉ် တခုလုံးနှင့်ပတ်သက်၍ စစ်မှန်၍ ယုံကြည်စိတ်ချနိုင်သော စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်ရန်ပြင်ဆင်ထားရှိသော်လည်း ပြုံယမ်းအစိုးရ၏ မီးစတဖက် ရေမှုတ်တဖက်အသွင်နှင့် စေ့စပ်ဆွေးနွေးနေသောကာလအတွင်း နျူကလီးယားအစီအစဉ်အား လုပ်ဆောင်နေခြင်းကဲ့သို့သော လုပ်ရပ်မျိုးကိုမူ လက်မခံနိုင်သောကြောင့် ထိုလုပ်ရပ်မျိုးနှင့်ဆိုလျှင်မူ အလုပ်မဖြစ်နိုင်ဟု ရိုက်စ်မှဆို၏။

မြောက်ကိုရီးယားနိုင်ငံအနေနှင့် အနာဂတ်ကာလတွင် ကျူးကျော်ရန်စမှုများပြုလုပ်လာလျှင် ကြီးမားသည့်ပေးဆပ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့ ပူးပေါင်း၍ အကြီးအကျယ်ဖိအားပေးမှုများ ရှိလာမည်ဖြစ်သည်။

အရှေ့တရုတ်ပင်လယ် နှင့် တောင်တရုတ်ပင်လယ်များအတွင်း အငြင်းပွားမှုများ သည် ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အမေရိကန်ပြည်ထောင်စုအကျိုးစီးပွားများကို ပိုမိုခြိမ်းခြောက်လာနေသည်ဖြစ်၍ ထိုအငြင်းပွားမှုများတွင်ပါဝင်ပတ်သက်နေကြသော နိုင်ငံများအနေနှင့်လည်း အချင်းချင်းဆက်သွယ်ညှိနှိုင်းမှုများအား တိုးမြှင့်လုပ်ဆောင်ရန်၊ နိုင့်ထက်စီးနင်းပြုမှုများ၊ ရန်လိုမှုများအား ငြင်းပယ်ကန့်ကွက်ကြ၍ ဆူဆန်ရိုက်စ်မှတိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံအရေး


မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားအချို့အား စတင်လွှတ်ပေးခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ တိုးတက်မှုများအား ၄င်းမှထောက်ပြချီးကျူးခဲ့၍ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးအား ပြန်လွှတ်ရန်နှင့် လူမျိုးရေးတင်းမာမှုများ၊ အဓိကရုဏ်းများအား ထိန်းချုပ်သွားရန် လိုအပ်သည်ဟု ဆိုသည်။
လာမည့် (၂၀၁၆) တွင်ကုန်ဆုံးမည့် သမ္မတအိုးဘားမားအစိုးရသက်တမ်းမတိုင်မီ မြန်မာ့နိုင်ငံရေးတိုးတက်မှု ဆက်လက်တည်ရှိနေမည်ဆိုပါက မြန်မာနိုင်ငံအား ဒေသတွင်းခေါင်းဆောင်နိုင်ငံ ဖြစ်လာစေရန်နှင့် ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သော၊  ဒီမိုကရေစီနိုင်ငံတခုဖြစ်လာစေရန် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု အမေရိကန်အစိုးရ၏ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ ဆူဆန်ရိုက်စ်မှ ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘောဒီယားနိုင်ငံမှစ၍ ဖီဂျီနိုင်ငံအထိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအရေး တိုးတက်မှုများအတွက် လုပ်ဆောင်နေသူများအား အမေရိကန်ပြည်ထောင်စုအနေနှင့် ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ပြီး ယင်းနိုင်ငံများအတွင်းရှိ အများနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ ပိုမိုအားကောင်းလာစေရန်နှင့် တရားဥပဒေစိုးမိုးမှုခိုင်ခန့်လာစေရန် ကူညီသွားမည်ဖြစ်သည်။

လာမည့်ဧပြီလတွင် သမ္မတအိုဘားမားအနေနှင့် အာရှတိုက်သို့ပြန်လာရန် စီစဉ်ထားခြင်းနှင့် ပတ်သက်၍မူ အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိသေးပေ။

Daniel Kane (Columbia University)

Ref: Rice Outlines US Asia-Pacific Priorities, Announces Obama Trip in April by Dan Robinson (November 20, 2013)

by Thit Htoo Lwin