Home » » နိုင်ငံတစ်ဝန်း လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးဟုဆို

နိုင်ငံတစ်ဝန်း လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးဟုဆို

Written By Unknown on Tuesday, November 5, 2013 | 8:04 PM

ရန်ကုန်၊ နိုဝင်ဘာ ၎

လယ်ယာမြေ ပိုင်ဆိုင်ခွင့် အထောက်အထားဖြစ်သည့် လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု နိုင်ငံတစ်ဝန်းလုံးတွင် ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေ၏ လယ်ယာမြေ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

တောင်သူလယ်သမားများ လက်ဝယ်အရောက် လယ်ယာမြေ မှတ်ပုံတင် ထုတ်ပေးလျက်ရှိရာ ရာနှုန်းပြည့် မှတ်ပုံတင် ပြုလုပ်ခြင်း ပြီးစီးသည့် ဒေသများမှာ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခုရှိပြီး ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခုနစ်ခု၊ ၇၀ ရာခိုင်နှုန်းအထက် ပြီးစီးသော တိုင်းဒေသကြီးတစ်ခု ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် ၄၈ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဦးပိုင်ကွက် တစ်ကွက်အတွက် မှတ်ပုံတင်ကြေး ၅၀၀ ကျပ်ကလွဲပြီး တခြားဘာမှ ထပ်ပေးစရာ မလိုပါဘူး” ဟု ၎င်းကဆိုသည်။

နယ်မြေ တည်ငြိမ်မှုနှင့် လုံခြုံရေး အားနည်းသော ဒေသများတွင်မူ လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးခြင်း လုပ်ငန်း ကြန့်ကြာလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၊ ရှမ်းပြည်နယ် ညောင်ရွှေ မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးနဲ မြို့နယ်တို့တွင်မူ မြေပြင် ကွင်းဆင်း တိုင်းတာရန် ခက်ခဲ သောကြောင့် လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးရန် ကြန့်ကြာလျက် ရှိသည်ဟု ၎င်းက ရှင်းပြသည်။

လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးရန်အတွက် မြေပြင်ကွင်းဆင်း တိုင်းတာခြင်းအပြင်၊ အမေရိကန် ဂြိုဟ်တု ၂၄ လုံး ၊ ရုရှားဂြိုဟ်တု ၃၁ လုံးနှင့် တရုတ် ဂြိုဟ်တု ၁၅ လုံးတို့နှင့် ချိတ်ဆက်၍ ခေတ်မီ ကိရိယာများဖြင့် လုပ်ဆောင်လျက် ရှိသည်ဟု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

အချို့သော ဒေသများတွင် လယ်ယာမြေ မှတ်ပုံတင် အချိန်မီ မရရှိသောကြောင့် စိုက်ပျိုးစရိတ် ချေးငွေ မရဘဲ အခက်တွေ့လျက် ရှိသည်ဟု ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ပြောကြားသည်။

လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လိန်ကုန်းကျေးရွာမှ လယ်သမား ဦးကျော်ငြိမ်းက မှော်ဘီ ရိုးကြီးကျေးရွာမှာ လယ်ဧက ၁၂၀ လောက် ရှိတယ်။ ဘာအရှုပ်အရှင်းမှ မရှိဘဲ မှတ်ပုံတင်က ခုထိမရသေးဘူး” ဟု ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက နိုင်ငံတစ်ဝန်း လယ်ယာမြေ မှတ်ပုံတင် ပြုလုပ်ပေးမှု ၈၆ ရာခိုင်နှုန်းကျော် ပြီးစီးပြီဟု ဆိုသော်လည်း လယ်ယာမြေ မှတ်ပုံတင် ရရှိခြင်း မရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် အနောက်သင်အိုင် ကျေးရွာမှ လယ်သမားအချို့က ပြောဆိုသည်။

The Voice Weekly