Home »
Feature
» မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ချုပ်ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ချုပ်ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း
Written By Unknown on Sunday, November 17, 2013 | 8:17 PM
"နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကစိန်ခေါ်မှုတွေ မြေဈေးကြီးမှုနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံမှုတွေဘဲ"
-------------
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ချုပ်ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း
------------
တွေ့ဆုံမေးမြန်းသူ- ပြည်သိမ်း
အစိုးရသစ်၏ အပြောင်းအလဲများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ၀င်ရောက်လာသော်လည်း တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်နေသည်။ သို့သော် အစိုးရသစ်လက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ သိသာစွာကျဆင်းလာပြီး သယံဇာတတူးဖော်ရှာဖွေလုပ်ငန်းများ ရပ်ဆိုင်းရမှုများပင် ရှိလာသည်။ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပုံစံမှာလည်း သဘာဝသယံဇာတ တူးဖော်ရှာဖွေထုတ်ယူရေးထက် လုပ်သားအခြေပြုလုပ်ငန်းများ ပိုမိုများလာသည်။ အစိုးရသစ်၏အပြောင်းအလဲ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံတို့မှ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် မြန်မာနိုင်ငံကို နှစ်စဉ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများမှာ တစ်နှစ်ထက်တစ်နှစ် နှစ်ဆခန့်မြှင့်တက်လာသည်။ သို့သော် စိန်ခေါ်မှုများ အားနည်းချက်များစွာလည်း ရှိနေသေးသဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို ခွင့်ပြုပေးရန် တာဝန်ယူဆောင်ရွက်နေသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် နိုဝင်ဘာ ၉ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး- သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်ရောက်လာပါသလဲ။
ဖြေ- အစိုးရသစ် လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံလောက် ၀င်တယ်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်။ ရင်းနှီးမြှုပ်နှံမှုပုံစံကလည်း ပြောင်းလဲလာတယ်။ အရင်ကဆို သဘာဝသယံဇာတတွေ အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ လုပ်သားအခြေခံတဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေကို ပြောင်းလဲရင်းနှီးမြှုပ်နှံလာကြတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ၊ ရေသယံဇာတကို အခြေခံတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေက အစိုးရသစ်လက်ထက်မှာ မ၀င်သလောက်ဘဲ။ အများဆုံးဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကတော့ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာ များလာတယ်။
မေး- လုပ်သားအခြေပြု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတော့ ပြည်တွင်းမှာ အလုပ်အကိုင်နေရာ ဘယ်လောက်ဖန်တီးပေးနိုင်ခဲ့ပါသလဲ။
ဖြေ- အလုပ်အကိုင် ဖန်တီးပေးနိုင်မှုက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုရော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရော၊ နှစ်ခုပေါင်းဆိုရင် မနှစ်က နေရာမျိုးစုံ လုပ်ငန်း ၅၀၀၀၀ လောက် ဖန်တီးပေးနိုင်ခဲ့တယ်။ ဒီနှစ်မှာဆိုလည်း ခြောက်လအတွင်း ၄၀၀၀၀ ကျော်ထိ ရှိသွားပြီ။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ အများဆုံး ဖန်တီးပေးနိုင်တယ်။ လက်ရှိ ခန့်မှန်းချက်ကတော့ ဒီနှစ်ကုန်ချိန်ထိဆိုရင် အလုပ်အကိုင်ခွင့်လမ်း တစ်သိန်းနီးပါးလောက်ထိ ဖန်တီးပေးနိုင်မယ်လို့ မှန်းထားတယ်။
မေး- ရင်းနှီးမြှုပ်နှံမှုဝင်နေတဲ့ နိုင်ငံတွေမှာ ဘယ်နိုင်ငံတွေက အများဆုံးဖြစ်လာပါသလဲ။
ဖြေ- လက်ရှိအချိန်ထိ တရုတ်နိုင်ငံက ထိပ်ဆုံးမှာပဲ ရှိနေသေးတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တိုင်းပြည်မှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အရင်နှစ်ကဆိုရင် စင်ကာပူက အများဆုံးဝင်ရောက်လာတယ်။ ဒုတိယက ဗီယက်နမ်နိုင်ငံပေါ့။ ဒီနှစ်မှာဆိုရင်လည်း မလေးရှားက ထိပ်ဆုံးကပဲ။ ပြီးတော့ ဂျပန်လည်း ပါဝင်လာတယ်။ ပြီးတော့ ဒီနှစ်မှာထူးတာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေလည်း ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတယ်။ တစ်ခါမှ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံမှုမလုပ်ဖူးတဲ့ လူဇင်ဘတ်လိုနိုင်ငံမျိုးတောင် ပါဝင်လာတယ်။
မေး- ရင်းနှီးမြှုပ်နှံမှုတွေ တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာတာ ဘာကြောင့်လဲ။
ဖြေ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအသစ် ထွက်ပေါ်လာတာလည်းပါသလို အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြေလျှော့မှုတွေကြောင့်လည်း ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ကောင်းပေမယ့် လုပ်ဆောင်ချက်ကမကောင်းရင် ရင်းနှီးမြှုပ်နှံမှုက လာမှာမဟုတ်ဘူး။ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်နိုင်ရေးအတွက် လုပ်သာကိုင်သာရှိအောင် ဖန်တီးပေးခဲ့တာတွေ အများကြီးပြုလုပ်ပေးခဲ့တယ်။ ဥပဒေမထွက်ခင်ကတည်းက အမိန့်ထုတ်ပြန်ချက် ၃၉/၂၀၁၁ နဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်များ ပုဂ္ဂလိကမှ မြေကိုငှားရမ်းခွင့်ပြုခဲ့တယ်။ ယခင်က ပြည်တွင်းမှာ နှစ်ရှည်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားသားလုပ်ငန်းရှင်က မြေငှားမယ်ဆိုရင် အစိုးရဆီကပဲ ငှားရမ်းခွင့်ရှိခဲ့တယ်။ ဒါ့အပြင် အမိန့်အမှတ် ၄၀/၂၀၁၁ နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်လုပ်ငန်းရှင်များကို ဈေးကွက်ပေါက်ဈေးအတိုင်း ငွေလဲလှယ်ခွင့်ပြုပေးခဲ့တယ်။
အရင်ကဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင် အမေရိကန်တစ်ဒေါ်လာကို ၆ ကျပ်နဲ့ပဲ တရားဝင်လဲပေးတယ်။ ဒါမျိုးတွေက အရင်အစိုးရလက်ထက်မှာမရှိဘဲ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲပေးတာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ ကုမ္ပဏီအတွက်လည်း One Stop Service ရအောင် ဆောင်ရွက်ပေးတယ်။ ဟိုရုံးပြေးရ၊ ဒီရုံးပြေးရတာတွေ သက်သာသွားအောင်လို့ပါ။ အစိုးရက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သာကိုင်သာရှိအောင် လုပ်ပေးနေသော်လည်း အခုထိ လုပ်စရာတွေက အများကြီးကျန်သေးတယ်။
မေး- ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိကစိန်ခေါ်မှု ဘာတွေရှိနေပါသေးလဲ။
ဖြေ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိက စိန်ခေါ်မှုတွေ မြေဈေးကြီးမှုနဲ့ အခြေခံအဆောက်အအုံ မပြည့်စုံမှုတွေဘဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက တိုင်းပြည်တိုးတက်မှုအတွက် အဓိကတွန်းအားဆိုတာကို သိကြတယ်။ ပြီးတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာအောင် ဖြေလျှော့မှုတွေမျိုးစုံနဲ့ ဖိတ်ခေါ်နေကြတယ်။ ဒါကြောင့် ဒီမှာ မြေဈေးကြီးရင် သက်သာတဲ့ဆီကိုပဲ ရင်းနှီးမြှုပ်နှံမှုတွေက သွားကြမှာပဲ။ ပြီးတော့ လျှပ်စစ်မီးနဲ့ အခြေခံအဆောက်အအုံပိုင်းမှာလည်း လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။
မေး- ဒီလို စိန်ခေါ်မှုတွေအပြင် တိုင်းပြည်မှာ ဘယ်လိုအားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိပါသလဲ။
ဖြေ- အားနည်းချက်အနေနဲ့ သုံးခုရှိတာကို တွေ့ရတယ်။ အခုက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးဟာ အခုထိ အားမကောင်းသေးဘူး။ အထူးသဖြင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ ဖွံ့ဖြိုးဖို့ များစွာလိုအပ်နေတယ်။ နောက်တစ်ခုက အိတ်ခ်ျအာဒီလို့ခေါ်တဲ့ လူသားအရင်းအမြစ်ပိုင်းမှာ အားနည်းတယ်။ ဒါက ပညာရေးပိုင်းနဲ့လည်းဆိုင်တယ်။ ဘွဲ့ရပြီးတာနဲ့ အလုပ်အကိုင် တန်းမပေးနိုင်ဘူး။ ဒီလိုတန်းပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ်တွေ မရှိသေးဘူး။ နောက်ဆုံးတစ်ချက်က ဘဏ္ဍာရေးကိစ္စအားနည်းချက်ပဲ။ လူတွေက အခုထိ ဘဏ်တွေနဲ့ ထိတွေ့ချင်မှုမရှိသေးဘူး။ အခုချိန်ထိ ငွေစက္ကူတွေကို ကိုင်သုံးနေတယ်။ ဒါကလည်း အားနည်းချက်တစ်ခုပဲ။
မေး- အားနည်းချက်ထဲမှာ လူသားအရင်းအမြစ်လည်းပါနေတော့ ရင်းနှီးမြှုပ်နှံမှုတွေ ယခုထက်ပါဝင်လာရင် ဒီနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေရဲ့ အလုပ်အကိုင်ရရှိမှုအခြေအနေ ဘယ်ရှိနိုင်မယ်ထင်ပါသလဲ။
ဖြေ- တိုင်းပြည်မှာ လူဦးရေ ၃၆ သန်းလောက်က အလုပ်လုပ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အရေအတွက်အားဖြင့်ကြည့်ရင် အတော်အားရစရာကောင်းပါတယ်။ ဒါပေမဲ့ ခက်ခဲနေတာက ကျွမ်းကျင်လုပ်သားရရှိမှုပဲ။ ဒီမှာရှိနေတဲ့ လုပ်သားအများစုက ကျွမ်းကျင်လုပ်သားတွေ မဟုတ်ဘူး။ လုပ်ငန်းခွင်ထဲမှာ တန်းခန့်ပြီး ချက်ချင်းသုံးလို့မရဘူး။ ဒါကို အရေးပေါ် မြန်မြန်ထက်ထက်နဲ့ ပြင်ဆင်ဖို့ပါတယ်။ လုပ်ကိုင်ခွင့်ပေါ်ပါလျက်နဲ့ လုပ်မယ့်သူမရှိရင် ဆုံးရှုံးမှုတွေ အများကြီးဖြစ်နိုင်တယ်။
မေး- ဦးသိန်းစိန် အစိုးရသက်တမ်းတစ်လျှောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ထိ တိုးလာအောင် မျှော်မှန်းထားပါလဲ။
ဖြေ- ဒီနှစ်ကို သုံးဘီလီယံမှန်းထားတယ်။ အခုပဲ (၁ ဒသမ ၈ ဘီလီယံ) ထိရှိနေပြီ။ နောက်နှစ် နောက်နှစ်တွေမှာလည်း ဒီထက်တိုးပြီး မျှော်လင့်ထားတယ်။ ဒီနှစ်က တစ်နှစ်လုံးမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိပြီး ဒီနှစ်မှာ ခြောက်လအတွင်း ၁ ဒသမ ၈ ဘီလီယံဆိုတော့ နှစ်ကုန်ရင် နှစ်ဆတက်လာမယ်လို့ မှန်းထားတယ်။ ဒီလိုပဲ လာမယ့်နှစ်မှာလည်း ကန်ဒေါ်လာငါးဘီလီယံလောက် ထပ်ပြီးတက်မယ်လို့ မျှော်လင့်ထားသလို အစိုးရနောက်ဆုံးနှစ်မှာလည်း နှစ်ဆ ၁၀ဘီလီယံထိ မှန်းထားတယ်။ နောက်ဆုံးနှစ်မှ ၁၀ ဘီလီယံထိ
မျှော်မှန်းရတာကတော့ အဲဒီအချိန်ဆိုရင် သီလ၀ါအထူးစီးပွားရေးဇုန်မှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ၀င်နေလောက်ပြီ။ ထို့အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာလည်း ရင်းနှီးမြှုပ်နှံမှုက ၀င်ဖို့စီစဉ်နေလောက်ပြီ။ မန္တလေးက စက်မှုစီမံကိန်းတွေကလည်း အထိုင်ကျနေလောက်ပြီ။
မေး- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက နှစ်စဉ်တိုးနေသလို ပြည်တွင်းမှာ ပဋိပက္ခတွေလည်း ဒီနှစ်ပိုင်းမှာဖြစ်ခဲ့တယ်။ ပဋိပက္ခတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်နိုင်ပါသလား။
ဖြေ- ရေတို(ကာလတို)အတွင်း ဖြစ်ပြီးသွားရင် စိုးရိမ်စရာမရှိပါဘူး။ ရေရှည်ဖြစ်လာပြီး နာတာရှည်ရောဂါဖြစ်လာရင်တော့ စိုးရိမ်စရာရှိတယ်။ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ရခိုင်ကိစ္စ၊ မိတ္ထီလာအရေးအခင်း၊ လက်ပံတောင်းတောင်ကိစ္စတွေရှိနေပေမယ့် ရင်းနှီးမြှုပ်နှံမှုက ကျမသွားဘူး။ ဒါကရေတိုဖြစ်လို့ပါ။ စီးပွားရေးလုပ်ငန်းရှင်တွေက (Political Risk) နိုင်ငံရေး မတည်ငြိမ် အနည်းဆုံးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တော့ ရေရှည်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုအတွက် စိုးရိမ်စရာပါ။
မေး- လုပ်ငန်းတွေချပေးရာမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ပတ်သက်ပြီးတော့ ဝေဖန်စွပ်စွဲပြောဆိုမှုတွေကို ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ဖြေ- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့်ပတ်သက်ပြီး အများဆုံးပြောဆိုနေတာကတော့ ခရိုနီတွေကိုပဲ လုပ်ငန်းချပေးတယ်။ မျှမျှတတမပေးဘူး။ နိုင်ငံတော်ပိုင်အဆောက်အအုံနှင့် မြေတွေနဲ့ပတ်သက်လာရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အမြဲအပြောခံနေရတယ်။ အဖြစ်မှန်ကို လူတွေကမသိလို့ပါ။ အမှန်တော့ MIC က လုပ်ငန်းတွေချပေးတဲ့အပိုင်းမှာ အတည်ပြုတဲ့ အခန်းကဏ္ဍကပဲ ပါဝင်တယ်။ လုပ်ငန်းလုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေ ရွေးချယ်ချပေးတာ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေပဲ။ ဒီမြေတွေ အဆောက်အအုံတွေမှာ လုပ်ငန်းလုပ်မှသာ MIC နဲ့ သက်ဆိုင်တာပါ။ MIC အနေနဲ့က သက်ဆိုင်ရာဝန်ကြီးဌာနက ရွေးချယ်ပေးတာကို ခွင့်ပြုမိန့်ထုတ်ပေးတဲ့အဆင့်ပဲ ရှိပါတယ်။ ဒါတွေကို လူတွေက မျက်စိလည်နေကြတာပါ။
မေး- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်ပမှ အရက်၊ ဘီယာ၊ ဆေးလိပ် ထုတ်ကုန်လုပ်ငန်းတွေကို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုတာနဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်နေမှုပေါ်မှာရော ဘယ်လိုရှင်းပြလိုပါသလဲ။
ဖြေ- ပြည်တွင်းမှာ အရင်က ဘီယာထုတ်တဲ့ စက်ရုံနှစ်ခုပဲရှိတယ်။ သူတို့က လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတယ်။ အစိုးရသစ်မှာ တန်းတူလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတဲ့အတွက် နိုင်ငံခြားက လုပ်ချင်တယ်ဆိုတာကို ခွင့်ပြုပေးတာပါ။ စီးကရက်မှာလည်း ဒီလိုပဲ အဖွဲ့အစည်းတစ်ခု၊ နှစ်ခုကပဲ ပြည်တွင်းမှာ လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးတာပါ။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ။
7Day News Journal