Home » » လက်ပံတောင်းတောင်အရေး ရဲနှင့် ဒေသခံများ ပဋိပက္ခများဖြစ်ပွားမှု နောက်ဆက်တွဲသတင်း

လက်ပံတောင်းတောင်အရေး ရဲနှင့် ဒေသခံများ ပဋိပက္ခများဖြစ်ပွားမှု နောက်ဆက်တွဲသတင်း

Written By Unknown on Friday, November 15, 2013 | 1:48 AM

တိုးကြီး (မုံရွာ)| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်

၂ဖက် ပဋိပက္ခကြောင့် ဒေသခံရွာသားများလည်း ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။ ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ၂ဦးမှာ စိုးရိမ်ရကြောင်း ပဋိပက္ခများ ဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသော လက်ပံတောင်းတောင်အရေး ဦးဆောင်လုပ်ရှားသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။

ဒဏ်ရာရသူများဖြစ်သည့် ကိုစိုးပြည့်အောင်သည် ဘယ်ဘက်ရင်အုံသို့ သေနတ်ထိမှန်ပြီး ကိုဖိုးစည်မှာ ညာဘက်ရင်အုံသို့ သေနတ်မှန်သည်ဟု မိုးကြိုးပြင်အလယ်ရွာမှ ကိုဖိုးလပြည့်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ပြန်ဖြေကြားခဲ့သည်။ ထို့အပြင် မအေးစန်းမှာ လက်မောင်းတွင် သေနတ်မှန်ပြီး ကိုငမျိုး၊ ကိုထွန်းအေး၊ ဦးမှိုင်းနှင့် ကိုဘိုနီတို့မှာ ခြေသလုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ ထိုအချက်များနှင့်ပတ်သက်ပြီး မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်ကို ပြောပြရာတွင် ကွဲလွဲချက်များရှိနေသည်။ ဒေသခံ ကိုဖိုးလပြည့်၏ အဆိုအရ မိုးကြိုးပြင် မြောက်ရွာသို့ နိုဝင်ဘာလ ၁၄ရက် ည ၇နာရီခွဲခန့်တွင် ရဲကားတစ်စီးဝင်လာသဖြင့် ဒေသခံများက ဝါးလုံးဖြင့် ဝိုင်းထားကြရာ ပြန်ထွက်သွားသည်။ ည၈နာရီခန့်တွင် ရဲကား ၁၇စီးနှင့် ဝမ်ပေါင် ကုပ္ပဏီမှ ကားအဖြူ ၁စီးတို့ ရွာအတွင်းသို့ ထပ်မံဝင်ရောက်လာခါ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုသို့ ဖြစ်ပွားရာတွင် ရဲအင်အား ၅၀၀ ဝန်းကျင် ရှိသည်ဟု ကိုဖိုးလပြည့်က ပြောသည်။

မိုးကြိုးပြင် မြောက်ရွာတွင် ယင်းကဲ့သို့ ပဋိပက္ခ ဖြစ်ပွားခြင်းကြောင့် အင်ကြင်းတောင်သပိတ်စခန်းတွင်လည်း ဒေသခံအင်အားတိုးမြင့်ထားသည်ဟု ဆရာတော် ဦးဝိမလက ဆက်လက်မိန့်ကြားခဲ့သည်။

မဇ္ဈိမက ဖြစ်ပွားခဲ့ပုံ သတင်းအသေးစိတ်နှင့် နောက်ဆက်တွဲ သတင်းများကို ဆက်လက်ဖေါ်ပြနိုင်ရန်ကြိုးစားနေပါသည်။

Mizzima - News in Burmese