Home » » တအုံနွေးနွေး ရခိုင်အရေး

တအုံနွေးနွေး ရခိုင်အရေး

Written By Unknown on Wednesday, November 20, 2013 | 3:15 PM

“စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ထက် ကျွန်တော်တို့လူမျိုးတွေ ဆက်လက်ရှင်သန်နေဖို့ပဲလိုလားတယ်”

စစ်တွေမြို့ ကုန်သည်စက်မှုအသင်းမှ အသင်းဝင်ရခိုင်အမျိုးသားတစ်ဦး၏ ပြတ်သားသော စကားသံဖြစ်၏။ အမေရိကန်၊ ဆွစ်ဇာလန်၊ အင်္ဂလန် စသည့်အနောက်နိုင်ငံများမှ ပူးတွဲသံတမန်မစ်ရှင်အဖွဲ့၏ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဟု ပြောကြားချက်အပေါ် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးပေါက်ဟုခေါ်ဆိုသည့် ရခိုင်ပြည်နယ်တွင် လူမျိုးခြားမွတ်ဆလင်လူမျိုးများနှင့် ဌာနေရခိုင်တိုင်းရင်းသားတို့ကြား ပဋိပက္ခမှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ ပဋိပက္ခအစပိုင်းတွင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက စိတ်ဝင်စားဟန်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အသံတိတ်သွားခဲ့ပြီး နိုင်ငံတကာသံတမန်အသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အိုင်အင်န်ဂျီအိုအချို့၏ အာရုံစိုက်မှုနှင့် တွန်းအားကသာ ဆက်လက်တည်ရှိနေခဲ့သည်။

ရခိုင်တိုင်းရင်းသားများအနေဖြင့် လူမျိုးခြားမွတ်ဆလင်များ၏ ကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် အဆမတန်ပွားများလာသည့် လူဦးရေအပေါ်တွင် စိုးရိမ်မှုများရှိနေသကဲ့သို့ တစ်ဖက်ကလည်း အစိုးရအပါအ၀င် ဌာနေရခိုင်တိုင်းရင်းသားများ၏ ခွဲခြားဆက်ဆံမှု ခံနေရသည်ဟု ဆိုနေကြသည်။

“၁၉၈၂ ဥပဒေပေါ်ပြီးနောက်ပိုင်း ကျွန်တော်တို့လူမျိုးတွေ ခွဲခြားဆက်ဆံခံလာရတယ်”ဟု ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားသည့် အသက်ခြောက်ဆယ်ကျော်အရွယ် လူမျိုးခြားမွတ်ဆလင်အမျိုးသားကြီးတစ်ဦးကပြောသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် လူမျိုးခြားမွတ်ဆလင်လူမျိုးများအတွက် ဒုက္ခသည်စခန်းများ အသီးသီးပေါ်ထွက်လာခဲ့သည်။ ထို့နောက် အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူများက ၄င်းတို့ကို ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရေးနှင့် ဌာနေရခိုင်တိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေးရရှိရေးများ တောင်းဆိုလာကြသည်။

“ကျွန်တော်တို့က ဒီမှာပဲမွေးပြီး ဒီမှာပဲကြီးတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံသားအခွင့်အရေးမရဘူး။ ကျွန်တော်တို့လွတ်လွတ်လပ်လပ် သွားလာချင်ပါတယ်။ ရခိုင်တွေနဲ့ တန်းတူအခွင့်အရေးတွေရချင်ပါတယ်”ဟု ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်ဒုက္ခသည်စခန်းမှ လူမျိုးခြား မွတ်ဆလင်ဒုက္ခသည်တစ်ဦးက ပြောကြားသည်။

လူမျိုးခြားမွတ်ဆလင်များကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် စစ်တမ်းကောက်ယူမှုများ သက်ဆိုင်ရာက ပြုလုပ်သော်လည်း ၄င်းတို့ကလက်မခံဘဲ အချို့ဒုက္ခသည်စခန်းများတွင် တာဝန်ရှိသူများကို ပြန်လည်ရန်မူသည်များပင် ရှိနေခဲ့သည်။

“ကျွန်တော်တို့ဆီမှာရှိတဲ့စာရင်းနဲ့ မြေပြင်မှာရှိတဲ့စာရင်း ကောက်ယူတိုက်ဆိုင်စစ်ဆေးပြီး ခိုးဝင်တဲ့သူမရှိရင် နိုင်ငံသားဖြစ်ဖို့အတွက် ၁၉၈၂ ဥပဒေအတိုင်း ဆက်လုပ်ပေးသွားမှာပါ။ လူမျိုးနာမည်ပြောင်းတာကတော့ လူနာမည်တစ်ခုပြောင်းရင်တောင် လွယ်တာမှမဟုတ်တာ။ အဲဒါကတော့ တဖြည်းဖြည်း အစီအစဉ်အတိုင်း ဆက်လုပ်သွားရမယ့်ကိစ္စတွေပါ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယမြောက် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်ဖြစ်နေသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် အကူအညီများပေးလိုသော်လည်း လက်ရှိအခြေအနေတွင် ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် ယင်းလုပ်ငန်းများ လုပ်ဆောင်ခွင့်မရဟုဆိုကြသည်။ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ဒေသဖွံ့ဖြိုးရေးအကူအညီထက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကိုပဲ ဆက်ပေးနေရသည်ဟုဆိုသည်။

ထိုအကူအညီများသာ ဆက်ပေးနေရခြင်းမှာ ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုမရှိသောကြောင့်ဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအ၀ိုင်းက သုံးသပ်သည်။ အစိုးရသစ်တက်လာပြီးနောက် ဒီမိုကရေစီစနစ်သို့ သွားနေသည့် မြန်မာနိုင်ငံကို နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီများ ပေးလိုကြပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ များစွာပေါ်ထွက်လာခဲ့သည်။

သို့သော် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းက ထိုအချက်များကို ဟန့်တားသကဲ့သို့ ဖြစ်ပေါ်လျက်ရှိသည်။

ထို့နည်းတူ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူမျိုးစုပဋိပက္ခသည်လည်း တစ်နှစ်ကျော်ကြာသည့်တိုင် ပြတ်ပြတ်သားသား ပြေလည်မှုမရသေးဘဲ လုံခြုံရေးတင်းကျပ်မှုကြောင့်သာ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားမှုမရှိခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများကဆိုသည်။

“ရခိုင်မှာက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုပျောက်နေတယ်။ တစ်ဖက်အုပ်စုကလည်း တစ်ဖက်အုပ်စုကို မယုံကြည်ဘူး။ လစ်ရင်လစ်သလိုချမယ်လို့ အပြန်အလှန်ထင်နေကြတယ်။ ဒုက္ခသည်စခန်းကလူတွေကလည်း သူတို့လိုချင်တာ သူတို့တောင်းနေတယ်။ အဲဒါတွေ အကုန်လိုက်လျောနိုင်ဖို့ဆိုတာကလည်း အစိုးရဘက်မှာ သူ့အခက်အခဲနဲ့သူရှိမှာပဲ”ဟု ရခိုင်အရေးလေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

“ပဋိပက္ခရဲ့အရင်းအမြစ်က လူတွေရဲ့နှလုံးသားထဲမှာ တည်နေသလိုပဲ တရားဥပဒေမှာလည်း တည်နေတာကြောင့်ပါ။ ရေရှည်၊ ကြာရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့အတွက်က ကျယ်ပြန့်တဲ့အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ တွေ့ဆုံခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ အပေးအယူတွေလိုအပ်ပါတယ်။ ဒါတွေကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာရော ရခိုင်ပြည်နယ်လူထုနဲ့ ကျန်တစ်နိုင်ငံလုံးကြားမှာပါ လုပ်ရမှာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာဒဲရစ်မစ်ချယ်ကပြောသည်။

ယခုကဲ့သို့ ပဋိပက္ခများဖြစ်ပွားရခြင်းသည် နယ်စပ်လုံခြုံရေးအားနည်းသဖြင့် ဖြစ်ပွားရခြင်းဖြစ်ပြီး နယ်စပ်လုံခြုံရေးအတွက် ဟိုဘက်ဒီဘက် တားဆီးနိုင်ရန် မီးတားလမ်းသဖွယ် သတ်မှတ်ပေးသင့်သည်ဟု မောင်တောမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်က ပူးတွဲသံတမန်မစ်ရှင်အဖွဲ့နှင့် တွေ့ဆုံစဉ်ပြောကြားသည်။

ယခုပြဿနာဖြေရှင်းနိုင်ရန် အုပ်ချုပ်သူများ၏ အရည်အချင်းပေါ်တွင်မူတည်ပြီး နိုင်ငံသားလျှောက်လိုသူများသည်လည်း နိုင်ငံသားဥပဒေရှိပြီးဖြစ်၍ နိုင်ငံသားဖြစ်လိုပါက ဥပဒေနှင့်အညီ အစစ်အဆေးခံရန်လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။

“နိုင်ငံသားဖြစ်ဖို့အတွက် စိစစ်ပြီး (နိုင်)ပေးသင့်တဲ့သူပေး။ (ဧည့်)ပေးသင့်တဲ့သူပေး (ပြု)ပေးသင့်တဲ့သူပေးပြီး အားလုံးကို တရားဥပဒေအတိုင်း တရားဝင်အသိအမှတ်ပြုပြီး သွားချင်တဲ့နေရာကို ပေးသွားလိုက်ရင် ပြဿနာကို တစ်နည်းတစ်ဖုံဖြေရှင်းနိုင်မှာပါ။ တစ်နေရာတည်းမှာစုထားရင် ပြဿနာကပိုကြီးနိုင်တယ်”ဟု ဦးဇော်အေးမောင်ကပြောသည်။

ကုလသမဂ္ဂအဖွဲ့အစည်းအချို့နှင့် နိုင်ငံတကာအင်န်ဂျီအိုများက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးလျက်ရှိသည်။ သို့သော် ယင်းအဖွဲ့အစည်းများ၏ လုပ်ပုံကိုင်ပုံများအပေါ် ဌာနေရခိုင်တိုင်းရင်းသားများက ကျေနပ်မှုမရှိပေ။ ပဋိပက္ခများမဖြစ်ပ်ါမီကပင် ရခိုင်ပြည်နယ်၏ နယ်စပ်နေရာများနှင့် အခြားနေရာများတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအင်န်ဂျီအိုများက အကူအညီများပေးခဲ့သည်မှာ နှစ်ရှည်လများရှိပြီဖြစ်သော်လည်း ဒေသအတွက် ထိရောက်မှုမရှိဟု ဒေသခံဌာနေ ရခိုင်တိုင်းရင်းသားအများစုက တညီတညွတ်တည်းဆိုကြသည်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးတစ်ခုက ရခိုင်ပြည်နယ် နယ်စပ်တွင် Education for food အစီအစဉ်ဖြင့် ကျောင်းနေသူများကို ဆန်ထောက်ပံ့သည့် အစီအစဉ်သည် နှစ်ပေါင်းနှစ်ဆယ်ကျော် လုပ်ကိုင်လာခဲ့သော်လည်း တိုးတက်အောင်မြင်မှုမရှိဟု ရခိုင်တိုင်းရင်းသားများကဆိုသည်။

“တကယ်ဆို ကျောင်းသားတွေကို ပညာတတ်စေချင်ရင် အဲဒီကျောင်းသားတစ်ယောက်တည်းကိုပဲ သတ်သတ်ခေါ်ပြီး စားရေး၊ နေရေး တာဝန်ယူပြီး စာသင်ပေးသင့်တာပေါ့။ အခုတော့ ကျောင်းတက်ရင် ဆန်ရတယ်ဆိုတော့ ကျောင်းသားတွေက ဆန်လိုချင်လို့ ကျောင်းတက်တာဖြစ်နေတယ်”ဟု မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် အဆိုပါအဖွဲ့အစည်းများ၏ ထောက်ပံ့မှုလုပ်ငန်းများ ၀န်ထမ်းခန့်ထားမှုအခြေအနေများသည်လည်း ဌာနေရခိုင်တိုင်းရင်းသားများနှင့် လူမျိုးခြားမွတ်ဆလင်များကြား နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်စေခဲ့သည်။

“အင်န်ဂျီအိုတစ်ခုရောက်လာလို့ အလုပ်ခန့်မယ်ဆို မဖြစ်မနေလိုအပ်တာက ဘင်္ဂါလီစကား မဖြစ်မနေတတ်ရမယ်။ နောက်ပြီးမှ အင်္ဂလိပ်စကားအနည်းငယ် တတ်ရမယ်လို့ပါတယ်။ အလုပ်ခန့်ရင်လည်း ဘင်္ဂါလီရှစ်ယောက်၊ ကိုးယောက်လောက်ကိုခန့်မှ ရခိုင်တစ်ယောက်လောက်ပါတယ်”ဟု စစ်တွေမြို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိအမျိုးသမီးတစ်ဦးကပြောသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ အင်န်ဂျီအိုအဖွဲ့အစည်းများ ယခုကဲ့သို့လုပ်နေခြင်းသည် လုပ်ငန်းလိုအပ်ချက်ကြောင့်သာဖြစ်မည်ဟု အင်အားကြီးနိုင်ငံတစ်ခုမှ သံအမတ်က ပြန်လည်ချေပပြောကြားသည်။

ဌာနေရခိုင်တိုင်းရင်းသားများနှင့် ယခုကဲ့သို့ ပြဿနာဖြစ်ရခြင်းသည် အခြားအကြောင်းများ များစွာရှိမည်မှန်သော်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အင်န်ဂျီအိုများ၏ လုပ်ဆောင်ချက်များသည်လည်း ပဋိပက္ခဖြစ်ပွားရန် တွန်းအားပေးသည့် အချက်များထဲတွင် ပါဝင်သည်ဟု ရခိုင်တိုင်းရင်းသားများကဆိုသည်။

ပဋိပက္ခများဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အိုင်အင်န်ဂျီအိုများက လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ဆက်လက်ပေးနေသော်လည်း မျှတမှုမရှိဟု ရခိုင်တိုင်းရင်းသားများကပြောကြားသည်။

ထို့ကြောင့် ပြည်နယ်အစိုးရကပင် အင်န်ဂျီအိုများ ထောက်ပံ့မှုလုပ်မည်ဆိုပါက မျှတစွာလုပ်ကိုင်ကြရန် ပြည်နယ်အစိုးရအဖွဲ့က သတိပေးထားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

“ယူအင်န်တွေ၊ အိုင်အင်န်ဂျီအိုတွေက အခုပေးနေတဲ့ အကူအညီဆိုတာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပါ။ ဒီပြည်နယ်မှာ လူအုပ်စုနှစ်ခုလုံးက ဒုက္ခရောက်နေသည်မှာ မှန်သော်လည်း ပိုပြီးဒုက္ခရောက်တဲ့သူတွေကို အကူအညီပိုပေးရပါတယ်”ဟု သံတမန်အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်းတို့က လက်ရှိတွင် လူမျိုးခြားမွတ်ဆလင်များသည် ဒုက္ခသည်စခန်းများတွင်နေထိုင်ရခြင်း၊ သုံးစွဲစရာငွေကြေးလုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊ ဌာနေရခိုင်တိုင်းရင်းသားများကဲ့သို့ လွတ်လပ်စွာသွားလာခွင့်မရနိုင်ခြင်း စသည့်အချက်များကြောင့် လူမျိုးခြားမွတ်ဆလင်များသည် ဒုက္ခပိုရောက်သူများအဖြစ် အသိအမှတ်ပြုကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ဌာနေရခိုင်တိုင်းရင်းသားများနှင့် လူမျိုးခြားမွတ်ဆလင်များကြား ပဋိပက္ခဖြစ်ပွားကာ မွတ်ဆလင်များ အိုးအိမ်များဆုံးရှုံးခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူများဖြစ်နေရခြင်းနှင့် ၄င်းတို့ကိုပေးအပ်မည့်အကူအညီများ မမျှတဟုဆိုကာ ဌာနေရခိုင်တိုင်းရင်းသားများက တစ်ခါတစ်ရံတွင် ကန့်ကွက်ခြင်း၊ တားမြစ်ခြင်းများပြုလုပ်ခြင်းကို ကုလသမဂ္ဂနှင့် အိုင်အင်န်ဂျီအိုအဖွဲ့များ၏ သတင်းပေးပို့မှုများကတစ်ဆင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ ရောက်ရှိသွားပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက ဌာနေရခိုင်တိုင်းရင်းသားများအပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု သိရသည်။

အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ဒေသခံများအပေါ် ပွင့်လင်းမြင်သာစွာ ရှင်းပြပြောဆိုခြင်း မရှိသည့်အတွက် လူမျိုးခြားမွတ်ဆလင်များအပေါ် ပိုမိုထောက်ပံ့မှုများ ပြုလုပ်နေသည်ဟု ထင်မြင်နေကြခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

“ထင်မယ်ဆိုလည်း ထင်ချင်စရာပဲလေ။ အခုပဲကြည့်။ အမေရိကန်သံအမတ်နဲ့အဖွဲ့ လာကြည့်တယ်တဲ့။ ကျွန်တော်တို့မြေပုံမြို့နယ်တစ်ခုတည်းမှာရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းနဲ့ ဘင်္ဂါလီဒုက္ခသည် စခန်းနှစ်ခုရှိတာ ရခိုင်စခန်းကျတော့ ခဏလေးပဲ ဟိုကြည့်ဒီကြည့်လုပ်ပြီးပြန်သွားတယ်။ ဘင်္ဂါလီစခန်းသွားတာကျတော့ တော်တော်နဲ့ကို ပြန်ထွက်မလာတော့ဘူး။ ဒုက္ခသည်စခန်းချင်းအတူတူ ရခိုင်စခန်းကို ၀တ်ကျေတန်းကျေ ၀င်ကြည့်သွားသလို ဖြစ်နေတာပေါ့”ဟု မြေပုံမြို့မှ ဒေသခံတစ်ဦးကပြောသည်။

လူသားချင်းစာနာထောက်ထားသည့် အကူအညီဟူသည့် အဓိပ္ပာယ်သည် အသက်ကယ်ရန်လိုအပ်နေသည့် (သို့မဟုတ်) အရေးပေါ်အကူအညီ လိုအပ်နေသည့်သူများအား ထောက်ပံ့ကူညီခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်ကပြောသည်။

“ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို မျှမျှတတဝေခြမ်းမှုမရှိတာမျိုးကို အခြေခံအားဖြင့် ကျွန်တော် သဘောမတူပါဘူး။ ဘယ်လိုပဲဆိုဆို ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်လူ့အဖွဲ့အစည်းက ဒေသတွင်းအကြမ်းဖက်မှုတွေဒဏ်ကို ပိုပြီးခံစားခဲ့ကြရပါတယ်”ဟု ဒဲရစ်မစ်ချယ်ကပြောသည်။

ရခိုင်ပြဿနာက မဖြစ်နိုင်သည့် တောင်းဆိုမှုများ၊ လူမျိုးရေးဆက်စပ်မှုများ၊ နိုင်ငံသားပြဿနာအပါအ၀င် နေ့စဉ်နှင့်အမျှ ပွတ်တိုက်မှုများက အတူတကွနေထိုင်ရေးဆီ မရောက်နိုင်ဘဲရှိနေသည်။ ထို့ကြောင့် အနောက်တံခါးက ပဋိပက္ခမီးတို့သည် တအုံနွေးနွေးဖြင့် အဖြေမထွက်နိုင်ဘဲ ကာလကြာရှည်ဖြစ်လာနေသည်။

ရေးသားသူ- သီဟ - 7Day News Journal
ဓာတ်ပုံ- သီဟ - 7Day News Journal