Home » » ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဝန်ထမ်း ၁၉၀ အား ရာထူးတိုးပေးမှုအပေါ် ဝေဖန်အကြံပြုစာကို အစိုးရကပေးပို့ထားဟုဆို

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဝန်ထမ်း ၁၉၀ အား ရာထူးတိုးပေးမှုအပေါ် ဝေဖန်အကြံပြုစာကို အစိုးရကပေးပို့ထားဟုဆို

Written By Unknown on Wednesday, November 13, 2013 | 3:11 PM

ပြည်သူ့လွှတ်တော်ရှိ ၀န်ထမ်း ၁၉၀  ဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရာထူးတစ်ဆင့် တိုးပေးလိုက်သည့်အပေါ် အစိုးရအဖွဲ့က ယင်းသို့မလုပ်သင့်ကြောင်း ဝေဖန်အကြံပြုစာကို ပြည်သူ့လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ထားသည်ဟု သတင်းရရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အောက်တိုဘာလကုန်ပိုင်းက ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပုံကို တိုးချဲ့ရန်အတွက် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာထမ်းမှ ညွှန်ကြားရေးမှူး အဆင့်ထိ ၀န်ထမ်း ၁၉၀ ကို ရာထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် ယင်းတို့နေရာတွင် ၀န်ထမ်းအသစ်များရွေးချယ်ခေါ်ယူရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
““ပြည်သူ့လွှတ်တော်မှာရှိတဲ့ ၀န်ထမ်း ၁၉၀ ကို ရာထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်တယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ ၀န်ထမ်းလောကမှာ ဒီလိုအရည်အချင်းစစ်စာမေးပွဲမဖြေဘဲ၊ လုပ်သက်တွေကိုမကြည့်ဘဲနဲ့ တိုးပေးတာ ထုံးစံမရှိပါဘူး။ ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံကို ကျွန်တော်တို့အစိုးရအဖွဲ့က ဒီလိုလုပ်ဖို့မသင့်တော်ဘူးလို့ စာပြန်ပို့ထားပါတယ်””ဟု အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ရှိ ၀န်ထမ်းများအားလုံး စာမေးပွဲဖြေဆိုရန် မလိုဘဲ ရာထူးတစ်ဆင့်တက်သွားချိန်တွင် အမျိုးသားလွှတ်တော်ဝန်ထမ်းများမှာမူ ရာထူးတိုးရန်အတွက် အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရခြင်းကြောင့် အမျိုးသားလွှတ်တော်ဝန်ထမ်းများက  မကျေနပ်ဟု ပြောကြားလာကြောင်း အဆိုပါတာဝန်ရှိသူက ထပ်မံပြောကြားသည်။
ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ နေ့စားဝန်ထမ်းများကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်လိုက်ပြီး ကျန်အရာထမ်းများမှ ညွှန်ကြားရေးမှူးအဆင့်ကို အဆင့်အလိုက် ရာထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်ခြင်းမှာ မှန်ကန်သည်ဟု ပြောကြားသည်။
သို့သော် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးကမူ ““ဖွဲ့စည်းပုံချဲ့ဖို့ အစိုးရဆီက ခွင့်ပြုချက်ရလို့ရယ်၊ ကော်မတီအသီးသီးခွင့်ပြုချက်ရလို့ရယ် ဌာနတွင်းမှာ  ဒီလို တစ်ဆင့်မြှင့်ပေးတာဖြစ်ပါတယ်။ တရားဝင် အော်ဒါလည်းထွက်ပြီးပါပြီ။ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်ခွင့်ပြုချက်မရှိဘဲ ဒီလူတွေကိုခန့်ရင် ကျွန်တော်တို့က လခစိုက်ပေးရမှာလေ။ ဒါကို အစိုးရအဖွဲ့က ပြည်သူ့လွှတ်တော်ကို စာပို့တာကို ယနေ့အထိ လက်ခံရရှိခြင်း မရှိသေးပါဘူး။ ပြီးတော့ အမျိုးသားလွှတ်တော်ဘက်က  မကျေနပ်တဲ့အသံတွေကတော့ ကျွန်တော်တို့ မကြားမိပါဘူး””ဟု ပြောသည်။
လက်ရှိ ပြည်သူ့လွှတ်တော်တွင် နေ့စားဝန်ထမ်း ၁၇၀ ဦးကို အမြဲတမ်းဝန်ထမ်းအဖြစ် အောက်တိုဘာ ၁ ရက်က စတင်ခန့်အပ်လိုက်ပြီးနောက် စုစုပေါင်းဝန်ထမ်း ၄၀၁ ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။အစိုးရ၀န်ထမ်းများသည် ရာထူးတိုးမြှင့်ရေးအတွက် စာမေးပွဲဖြေဆိုရခြင်း၊ လုပ်သက်အတွေ့အကြုံကို ယူရခြင်းတို့မှာ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကိုင်တွယ်ရသော်လည်း အခွင့်အာဏာရှိသူတစ်ဦး၏ ထောက်ခံမှုဖြင့် ယင်းသို့ ရာထူးတိုးပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောကြားသည်။
““သူတို့လည်း လုပ်သက်က ၂ နှစ် ကျော်လာပြီဆိုတော့ တိုးပေးသင့်တာပေါ့။ ၀န်ထမ်းစည်းကမ်းအရ ပုံမှန်အားဖြင့် စာမေးပွဲဖြေရမယ်။ လုပ်သက်ကြည့်ရတယ်ဆိုတာမှန်ပေမယ့် တရားဝင်အခွင့်အာဏာရှိသူရဲ့ ထောက်ခံမှုနဲ့ ရာထူးတိုးပေးလို့ရပါတယ်။ တစ်ခုရှိတာကတော့ တရားဝင်စာထွက်ဖို့လိုတယ်။ ရာထူးတိုးရင် လစာတိုးတော့ ဘတ်ဂျက်ဆွဲဖို့ ဘဏ္ဍာရေးတို့၊ ရာထူးဝန်အဖွဲ့တို့ကိုတော့ အော်ဒါထွက်ပေးရမှာပေါ့။ အခုဟာက လူအများကြီးရာထူးတိုးတယ်ဆိုတော့ ၀န်ထမ်းရေးရာနဲ့ ပြဿနာကတော့တက်မှာပဲ””ဟု ၎င်းကပြောကြားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်တွင် ၀န်ထမ်းစုစုပေါင်း လေးရာနီးပါးရှိသည်ဟု သတင်းရရှိသည်။ လွှတ်တော်ဝန်ထမ်းများမှာလည်း အစိုးရ၀န်ထမ်းဖြစ်သည့်အတွက် အစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရသာ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးကိုနီကပြောကြားသည်။

““အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကိုလည်း တိုက်တွန်းလိုက်ပေါ့ဗျာ။  သူ့ဝန်ထမ်းတွေကို  သူ့ထောက်ခံမှုနဲ့ တိုးပေးရင် ရတာပဲ။ ဒီတော့ အမျိုးသားလွှတ်တော် ၀န်ထမ်းတွေလည်း အဆင်ပြေသွားတာပေါ့””ဟု ဦးကိုနီက ပြောကြားသည်။

7DAY DAILY