“ရွှီ...ရွှီ”
ဝီစီသံက ဈေးထဲမှာ တစီစီညံနေသည်။ ပြေးတဲ့သူပြေး။ ပုန်းတဲ့သူပုန်းနှင့် ဈေးတစ်ခုလုံး ကျွတ်ကျွတ်ညံ နေသည်။ ဈေးဗန်းပါသွားပြီဖြစ်သည့် ဒေါ်ချိုအတွက် ဘာမှမထူးတော့။ အိမ်ကိုသာ ပြန်ရတော့မည်။
နံနက် ၃ နာရီလောက်ကတည်းက ဒိုင်ကယူခဲ့သမျှ ပန်းတွေ ခုတော့ ခဲလေသမျှ သဲရေကျရပြီ။ ရပ်ကြည့် နေရုံမှတစ်ပါး သူ့မှာ ဘာတုံ့ပြန်နိုင်စွမ်းမှမရှိ။ အရင်းချည်းပဲ ကျပ် ၃,၅၀၀ ရှိသည်။ ခု သူ့အတွက် အရင်း ရော၊ အမြတ်ရော တစ်ကျပ်မျှပင် မကျန်တော့။ ဒီအတိုင်းဆိုရင် ဒီနေ့အတွက် နေ့ပြန်တိုးနှင့် ထပ်တွေ့ရ ဦးမည်။
သူ တိုက်ကြီးမြို့မဈေးမှာ ဈေးရောင်းလာခဲ့သည်မှာ ရှစ်နှစ်ကျော် ရှိပြီဖြစ်သည်။ ငါး၊ ပန်း၊ ကုန်စိမ်း စသဖြင့် ဒေါ်ချိုရောင်းခဲ့သည့် ရောင်းကုန်တွေက အမျိုးမျိုး။ ဈေးအုပ်ချုပ်သူတွေ အဆက်ဆက် ပြောင်းလဲခဲ့ သော်လည်း ရောင်းကုန် ပြောင်းသွားခြင်းနှင့် နေရာပြောင်းသွားခြင်းမှတစ်ပါး ဒေါ်ချို့ဈေးဗန်းကတော့ မပြောင်းလဲခဲ့။ သားသမီး ရှစ်တန်းကျောင်းသားတစ်ဦးနှင့် ငါးတန်းကျောင်းသားတစ်ဦးရှိနေသည့် ဒေါ်ချို့ အတွက် တစ်ရက်ကို အသားတင်အမြတ် ၃,၀၀၀ မှ မကျန်လျှင် နောက်နေ့အတွက် ထပ်မံ ငွေရင်းထည့် ရန် ခက်ခဲလှသည်။ ခုတော့ စည်ပင်ရုံးထဲ ဒဏ်ငွေသွားဆောင်ရပေဦးတော့မည်။
“မနေ့ကဆိုရင် ကျွန်မ ၁,၈၀၀ ပဲရတယ်။ အိမ်ရောက်တော့ အကြီးကောင်က ကျောင်းမှာလုပ်တဲ့ ကထိန် စရိတ် ၁,၅၀၀ တဲ့၊ ကျန်တဲ့ ၃၀၀ ကျွန်မ ဘာလုပ်ရတော့မလဲ။ ကွမ်းပဲ စားပစ်လိုက်တော့တယ်”
ဒေါ်ချိုပြောပုံက မည်သူ့ကိုမှ အပြစ်တင်နေပုံမျိုးမဟုတ်။ ဖြစ်လေရာဘ၀ ပျော်ပျော်ပဲဆိုသည့် ဘ၀ကို အထာကျနေသည့် မျက်နှာပေးဖြစ်သည်။
ဒေါ်ချိုပင်မဟုတ် တိုက်ကြီးဈေးထဲက မည်သည့် ပျံကျဈေးသည်မဆို ဈေးရောင်း၍ အရင်းမရခြင်းသည် အထူးအဆန်း မဟုတ်တော့ပေ။ သူတို့အတွက် အဓိကပြဿနာမှာ မြို့တော်တစ်ဝန်း သန့်ရှင်း သာယာ စေရမည်ဆိုသည့် မြို့တော်စည်ပင်ဖြစ်သည်။
ပုံမှန်အားဖြင့် တိုက်ကြီးဈေးသည် နံနက် ၅ နာရီလောက်ကတည်းက စတင် လှုပ်ရှားနေပြီဖြစ်သည်။ သို့ သော် ထိုအချိန်တွင် ဈေးဝယ်သူများ မရောက်တတ်ကြသေးပေ။ လွန်ခဲ့သည့် လပိုင်းများက ဈေးဝယ်၊ ဈေးရောင်း ပုံမှန်ဖြစ်နေခဲ့သည့် ပျံကျဈေးကလေးကို အောက်တိုဘာလကုန်ပိုင်းတွင် မုန်တိုင်းတစ်ခု ၀င် မွှေလာခဲ့သည်။ စည်ပင်က ပျံကျဈေးသည်များကို ဖမ်းဆီးခြင်းပင်ဖြစ်သည်။
“အရင်ကတော့ ဘာမှမဖြစ်ဘူး။ ခုတော့ မနက်ဖြန် သူတို့ အဖမ်းခံရဖို့အတွက် ဒီနေ့ကတည်းက အားမွေး ထားရသလို ဖြစ်နေတယ်။ ချေးရ၊ ငှားရလွန်းလို့လည်း လူက သေတော့မယ်။ တစ်ခါဆို ကျွန်မ ထဘီ တောင် ကျွတ်ကျတယ်”
ထိုနေ့က ၀ီစီသံကြားကြားချင်း ဒေါ်ခင်နှင်းအေး ဈေးဗန်းကို ကပျာကယာ ကောက်ယူပြီး ပြေးရန် ပြင် လိုက်သည်။ သို့သော် နောက်ကျသွားပြီ။ စည်ပင်ဝန်ထမ်းက ဗန်းကို လှမ်းဆွဲသည်။ ဗန်းထဲက ငါးတွေ ထွက်ကျလာသည်။ ထိုဝန်ထမ်းနှင့် လုနေရင်း သူ့ထဘီ ကျွတ်ကျတော့သည်။ မထူးတော့ ဈေးဗန်းကို သာ လွှတ်ပေးလိုက်သည်။ ထဘီကိုတော့ အမြန်ကောက်ဝတ်လိုက်ရသည်။ ဘေးနားက ရောင်းဖော် ရောင်းဖက်တွေ သူ့ကိုကြည့်ပြီး ငိုရအခက်၊ ရယ်ရအခက်။
စည်ပင်ကဖမ်းပြီဆိုလျှင် ရပ်ထားသည့်ကားအောက်ဝင်ပုန်းသူပုန်း၊ နီးစပ်ရာဆိုင်တို့၊ အိမ်တို့အပေါ်တက် ပြေးသူက ပြေး။ ဈေးဗန်းများကို အဆင်ပြေရာ ထိုးထည့်။ သို့သော် စည်ပင်က ထိုမျှနှင့် ကျေနပ်ရောင့်ရဲ ပုံမရပေ။ အိမ်ပေါ်တက် ပြေးသူ၊ ပုန်းနေသူ၊ ဈေးဗန်းဝှက်ထားသူများကိုပါမကျန် ဈေးဗန်းများကို လိုက် လံ သိမ်းဆည်းသည်။
ယခင်က ၎င်းတို့ရောက်လာလျှင် ခါးထစ်ခွင်တင်ပြီးရောင်း၊ ဒါမှမဟုတ် ထွက်ပြေးလျှင် လွတ်မြောက်နိုင် သေးသည်။ သို့သော် အခု မရတော့။ ပြေးလျှင် ပြေးသည့်နေရာ၊ ပုန်းလျှင် ပုန်းသည့်နေရာ လိုက်ပြီး မရ ရအောင် သိမ်းတော့သည်။ ပြီးလျှင် လှည်းတစ်စီးဖြင့် သိမ်းဆည်းထားသည့်ဗန်းများ၊ ဟင်းသီး ဟင်းရွက် များ၊ ပန်းစည်းများကို စည်ပင်ရုံးတွင်းသို့ ယူသွားတော့သည်။
“သူတို့က ဈေးစပြီး ရောင်းကောင်းတဲ့အချိန်ဆို ဖမ်းသွားပြီး နေ့လယ် ၁၂ နာရီလောက်မှ ပြန်ထုတ်ပေး တယ်။ အဲ့ဒီအချိန်က ဈေးကွဲနေပြီလေ။ ငါးတွေဆိုလည်း မကောင်းတော့ဘူး။ စည်ပင်ရုံးထဲမှာဆို ဈေး သည်တွေရဲ့ ပစ္စည်းတွေ ပုံနေတာ”ဟု ပျံကျဈေးသည် မခင်စန်းက ပြောသည်။
အကယ်၍ ဈေးသည်များက ပြန်ယူချင်ပါက ပိုင်ဆိုင်မှု ကုန်စည်အနည်းအများအလိုက် ဒဏ်ငွေ ၁,၀၀၀ မှ ၁,၅၀၀ အတွင်း ပေးဆောင်မှ ပစ္စည်းများ ပြန်လည်ရရှိနိုင်သည်။ သို့သော် ယင်းကဲ့သို့ စည်ပင်ကို ပေး ဆောင်ရသော်လည်း ဈေးသည်များအနေနှင့် ချလန်ကဲ့သို့ဒဏ်ငွေဆောင်ဖြတ်ပိုင်း ရရှိခြင်းမရှိဘဲ နောက် နေ့တွင် ဈေးမရောင်းချတော့ပါဟု ခံဝန်လက်မှတ် ရေးထိုးခဲ့ကြရသည်။
ယခုကဲ့သို့ ဖမ်းဆီးနေသော်လည်း ဈေးသည်များအနေနှင့် နံနက်တိုင်း၊ နံနက်တိုင်း ဈေးရောင်းရန် ထွက် လာကြရစမြဲဖြစ်သည်။ ဤမြို့မဈေးကြီး ရှိနေသရွေ့ ပျံကျဈေးသည်များ ငတ်၍မသေနိုင်ဟု ထင်မှတ် ထားခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း အထင်အမြင်တွေ ပြောင်းလဲကြရတော့မည်။
အမှတ်(၃) ဈေးရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် ဘုရားလေးလမ်းကြားတွင်ရှိသည့် တိုက်ကြီး မြို့မ ဈေးကြီးသည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်က မီးလောင်ခဲ့ပြီး ပြန်လည်ဆောက်လုပ်ရာတွင် ဈေးသည်များ ကို ပြန်လည် နေရာချထားပေးခဲ့မှု လုပ်ခဲ့သည်။
ထို့နောက် မြို့မဈေးကြီးကို အမှီပြုကာ ပျံကျဈေးသည်များလည်း ပေါ်လာခဲ့သည်။ စည်ပင်က ပျံကျဈေး သည်များအတွက် နေရာသတ်မှတ်ပေးထားသော်လည်း “ပေးထားတဲ့နေရာက ၀ယ်သူမလာဘူး။ ဟိုး ချောင်ထဲမှာ။ မနက်ကတည်းက သွားရောင်း။ မိုးချုပ်တောင်မှ လူတစ်ယောက်၊ နှစ်ယောက် လာတယ်။ ကျွန်မတို့ မွဲသွားမှာပေါ့။ ပြီးတော့ အဲ့ဒီနေရာက ဒီဈေးနဲ့ ဝေးတယ်။ ပျံကျဈေးသည်ဆိုတာ ဈေးမကြီးကို မှီစားရတာဆိုတော့ ဒီဈေးကြီးနဲ့ ဝေးသွားရင် ကျွန်မတို့ စားပေါက်လည်း ပြတ်ပြီ”ဟု ဒေါ်ချိုက ရင်ဆိုင် နေရသည့် ပြဿနာကို ရှင်းပြသည်။
မြို့မဈေးကြီး၏ ပတ်လည် လမ်းနှစ်ဘက်တွင် ပျံကျဈေးသည် ၃၀၀ ခန့်ရှိပြီး စည်ပင်မှ လေလံဆွဲထား သည့် ဈေးလေလံကိုလည်း ကျပ် ၁၀၀ မှ ၁၅၀ ထိ ဈေးကောက်ပေးကြရသည်။ ယခု ဈေးကောက်ပေး ထားပြီး စည်ပင်၏ ဖမ်းဆီးခြင်းကို ခံနေရခြင်းဖြစ်သည်။ ဈေးကောက်အတွက် တစ်ရက်တွင် ကိုးသောင်း ကျော်အထိရရှိပြီး ၎င်းက စည်ပင်ထံမှ သိန်း ၄၆၀ ဖြင့် လေလံအောင်ထားခြင်းဖြစ်သည်။ သို့သော် လက် ရှိတွင် ပျံကျဈေးသည်များကို စည်ပင်က ဖမ်းဆီးနေခြင်းကို စည်ပင်ထံမှ လေလံအောင်ထားသူကလည်း မည်သည့်ပြောဆိုမှုမှ မပြုလုပ်နိုင်ပေ။
ပျံကျဈေးသည် ၃၀၀ ကျော်လောက်သည် နေ့စဉ် သူတို့၏ စားဝတ်နေရေးအတွက် ပြေးပြီးရင်း ပြေးနေရ သည်။ သူတို့အတွက် စည်ပင်ဆိုသည်မှာ ကြောက်စရာ သတ္တ၀ါကြီးအလား ထင်မှတ်နေကြသည်။
အောက်တိုဘာလကုန် ၃၁ ရက်လောက်က စတင်ဖမ်းဆီးခဲ့သည့်အတွက် လတစ်ဝက် ရှိသွားပြီဖြစ်ကာ ၎င်းတို့ နေ့စဉ် ယူနေရသည့် အတိုးမှာလည်း တစ်စတစ်စ များလာနေပြီဖြစ်သည်။
သို့သော် ဤဈေးကြီးမှလွဲ၍ အခြားနေရာတွင်လည်း ရောင်းချရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ လုပ်ချင်ရာ လုပ်နိုင်သည်ဆိုသည့် ယခင်စစ်အစိုးရလက်ကျန်များ၏ စရိုက်သည် ယနေ့ထိရှိနေသေးသလားဆိုသည် မှာ စဉ်းစားစရာပင်ဖြစ်သည်။
“သူတို့လာရင် ကျွန်မတို့က ခွေးပြေး ပြေးနေရတယ်”ဆိုသည့် ပျံကျဈေးသည်တို့၏ ပြောစကားက သူတို့ မည်မျှထိ ခံစားနေရကြောင်း ထင်သာမြင်သာ ရှိလှသည်။
တကယ်တော့ အဆိုပါဈေးသည်များသည် ဈေးထဲက ဈေးသည်များ မဟုတ်ကြတော့ဘဲ အပြေးသည် များသာ ဖြစ်နေတော့သည်။
Written by မြတ်ကျော်သူ
မဇ္ဈိမသတင်းဌာန