Home » » မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွားနှင့် ဖြစ်ပွားသည့် ပြဿနာ စုံစမ်းမည်ဟုဆို

မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွားနှင့် ဖြစ်ပွားသည့် ပြဿနာ စုံစမ်းမည်ဟုဆို

Written By Unknown on Wednesday, November 20, 2013 | 2:34 PM

မန္တလေး၊ နိုဝင်ဘာ ၁၈

မန္တလေးမြို့တော် မဟာမြတ်မုနိ ဘုရားကြီး သန့်စင်ခန်းအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်နှင့် ဖြစ်ပွားခဲ့သည်ဟု ဆိုသော သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှုရှိ မရှိကို မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) က အဆိုပါ ဘုရားဂေါပက အဖွဲ့နှင့် Tourist Police များသို့ မေးမြန်း စုံစမ်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးရဲမြတ်စိုးက The Voice သို့ ပြောကြားသည်။

“အခုအချိန်က ခရီးသွားရာသီ ဖြစ်နေတော့ မအားလပ်ကြဘူး။ ဒီကိစ္စ မှန်ကန်လား၊ သေချာလားဆိုတာ ပထမ စုံစမ်းရဦးမယ်။ သူတို့က ကျွန်တော်တို့ အသင်းက အဖွဲ့ဝင် တစ်ယောက်ကတစ်ဆင့် အကြောင်း ကြားထားတယ်” ဟု ဦးရဲမြတ်စိုးက ဆိုသည်။

အဆိုပါ သန့်စင်ခန်း အသုံးပြုခ ပြဿနာ မှန်ကန်မှု ရှိ မရှိကို ဘုရားကြီး ဂေါပကသို့ ဆက်သွယ် မေးမြန်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
“ဒီကိစ္စက သေချာလားဆိုတာ စုံစမ်းရမယ်၊ သေချာရင်တော့ တောင်းပန်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စကို ရန်ကုန်မြို့တော်မှ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အဆိုပါ ဧည့်လမ်းညွှန် အသင်းသို့ သတင်းပေးပို့ခြင်း ဖြစ်ကြောင်း အဆိုပါ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူး ဦးချစ်စမ်းဦးက ပြောကြားသည်။

ခရီးသွား အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရကနေ့က မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသို့ ရောက်ရှိချိန် ဧည့်သည် ခြောက်ဦး သန့်စင်ခန်း အသုံးပြုလိုသဖြင့် ဘုရားကြီး အနောက်မြောက်ထောင့် (ကြေးစည်ကြီး၊ ကြေးရုပ်ကြီးများ တည်ရှိသော အရပ်မျက်နှာဘက်) သို့ ညွှန်ပြခဲ့ပြီး သန့်စင်ခန်း အသုံးပြုခကိုလည်း အနည်းဆုံး ၂၀၀ ကျပ်၊ အများဆုံး ၅၀၀ ကျပ်ဟု မှာလိုက်ကြောင်း၊ ဧည့်သည် ခြောက်ဦးသည် သန့်စင်ခန်း အသုံးပြုပြီးအပြန် တစ်ဦးလျှင် ၂၀၀ ကျပ် ပေးသောအခါ သန့်စင်ခန်း အသုံးပြုခ ကောက်သော အမျိုးသမီး (ဝဝ၊ အရပ်အနည်းငယ် ရှည်) က ၂၀၀ ကျပ်မရကြောင်း ၁၀၀၀ ကျပ် ပေးရမည်ဟု ပြောကာ ပြန်ထွက်မည့် တံခါးတွင် ပိတ်ရပ်၍ တံခါးကို ပိတ်ပစ်ခဲ့ပြီး ၁၀၀၀ ကျပ် မပေးပါက ဖွင့်မပေးဟု ပြောသဖြင့် အတင်းထွက်မည် လုပ်သော ဧည့်သည် အမျိုးသမီး တစ်ဦးကို လက်နှင့် ရိုက်ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပက်သက်၍ ဂျာမန်ဘာသာ စကားပြော ဧည့်လမ်းညွှန် အမျိုးသမီးက မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနသို့ အကြောင်းကြားစာတွင် ပါရှိသည်။

ဧည့်သည်များသည် ရုတ်တရက် ဖြစ်သဖြင့် မြန်မာငွေ အလုံအလောက်ပါ မလာသောကြောင့် အဆိုပါ ခြောက်ဦးက ၎င်းတို့တွင် ပါလာသော ပိုက်ဆံများကို အားလုံးစု၍ ငါးဦး အရင်အပြင်သို့ ထွက်ခဲ့ပြီး ပိုက်ဆံယူကာ ကျန်တစ်ဦးကို သန့်စင်ခန်း အတွင်းမှ ခေါ်ယူခဲ့ရကြောင်း ဦးချစ်စမ်းဦး ကပြောကြားသည်။

“သူတို့ ရောက်တာနဲ့ အချိန်ကမရလို့ ကားက ဘုရားကြီးကနေ ထွက်ခဲ့ပါတယ်။ ထွက်ပြီး ခဏနေမှ ဒီကိစ္စ ဖြစ်ခဲ့တယ်လို့ ဧည့်သည်တွေက သူ့တို့ ဧည့်လမ်းညွှန်နဲ့ Tour Leader ကို တိုင်ပြောပါတယ်။ ဧည့်လမ်းညွှန်က သက်ဆိုင်ရာ ဘုရားကြီး ဂေါပကရဲနဲ့ Tourist Police တွေကို တိုင်ကြားဖို့ စီစဉ်ပေမယ့်လည်း ကားကလည်း ပြန်လှည့်ဖို့ မဖြစ်နိုင်ဘူး။ ဒီနေ့ Schedule က အရမ်းကျပ်နေတော့ ဘယ်လိုမှ မတတ်နိုင် ဖြစ်နေလို့ နောက်ဆုံး မန္တလေးဇုန်အသင်း သတင်းနှင့် ပြန်ကြားရေးဌာနကို အကြောင်း ကြားပါတယ်လို့ အကြောင်းကြားစာမှာ ရေးထားတယ်” ဟု ဦးချစ်စမ်းဦးက ဆိုသည်။

ယခင်က ဘုရားနှင့် ရှေးဟောင်း နေရာများသို့ သွားရောက် လည်ပတ်ရာတွင် သန့်စင်ခန်း မရှိသည့် အခက်အခဲများ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါ နေရာများတွင် သန့်စင်ခန်းများ တည်ဆောက် ထားသဖြင့် အဆင်ပြေမှု ရှိကြောင်း ဦးချစ်စမ်းဦးက ထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စ ဟုတ်မှန်ခြင်းရှိ မရှိကို ဘုရားဂေါပက အဖွဲ့ထံ The Voice က ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်သည်။

The Voice Weekly