Home » » မုဒုံမြို့ ဝင်းစိန် တောရဆရာတော်ကို ထိုင်းဘုရင် ကထိန်သင်္ကန်းကပ်

မုဒုံမြို့ ဝင်းစိန် တောရဆရာတော်ကို ထိုင်းဘုရင် ကထိန်သင်္ကန်းကပ်

Written By Unknown on Monday, November 18, 2013 | 4:58 PM

မုဒုံ၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ် မုဒုံမြို့တွင် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရာကြီးကို ဦးစီးတည်ထား ကိုးကွယ်ခဲ့သည့် ဝင်းစိန် တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တကေသရကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောက ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဝင်းစိန်တောရ ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ထိုင်း ဘုရင်မင်းမြတ်၏ ကထိန်သင်္ကန်းကို ဘုရင့်ကိုယ်စားလှယ်အဖွဲ့ ရှစ်ဦးနှင့် ထိုင်းသံဃာတော် နှစ်ပါးတို့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် လာရောက် ဆက်ကပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“ဆရာတော် ဘုရားကြီးနှင့်တကွ ပင့်သံဃာ ၁၆၀ ကို ကထိန်သင်္ကန်းနဲ့ အလှူငွေ ဆက်ကပ် လှူဒါန်းခဲ့ပြီးတော့ သံဃာအပါး ၁၀၀၀ ကိုလည်း ဆွမ်းဆက်ကပ် လှူဒါန်းတယ်။ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုလည်း စတုဒိသာ ကျွေးမွေးခဲ့တယ်” ဟု ကျောင်းဂေါပက အဖွဲ့က ပြောကြားသည်။

ထိုင်းဘုရင်မင်းမြတ် နာမကျန်း ဖြစ်နေစဉ်အတွင်း ဆရာတော်ဘုရားအား သုံးကြိမ်တိုင်တိုင် အိပ်မက် မြင်မက်ခဲ့ကြောင်း၊ အိပ်မက်အတိုင်း လိုက်လံရှာဖွေ စုံစမ်းရာ ဆရာတော်ဘုရား တည်ထားသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီးနှင့် ဝင်းစိန် တောရသာသနာပြု စခန်း ဖြစ်ကြောင်း သိရှိရပြီးနောက် ဘုရင်မင်းမြတ်က ကြည်ညို လွန်းသဖြင့် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခဲ့သည်ဟု Mudon WinSein Sayadaw ဖေ့ဘွတ် စာမျက်နှာတွင် ထိုင်း ဘုရင်မင်းမြတ်က ကထိန်သင်္ကန်း ကပ်လှူရခြင်းနှင့် ပတ်သက်ပြီး ဖော်ပြထားသည်။

ထိုင်းဘုရင့် ကိုယ်စားလှယ်အဖွဲ့ သင်္ကန်း ကပ်လှူပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးသက်ဝင်း၊ မွန်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဦးတို့လည်း တက်ရောက်ခဲ့ကြောင်း ဝင်းစိန် တောရ ဂေါပက အဖွဲ့ထံမှ သိရှိရသည်။

ဝင်းစိန် တောရဆရာတော် ဘုရားကြီးသည် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးဟု ပြောဆိုနေကြသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီးအပြင် အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ် မထေရ်မြတ် ရုပ်ပွားတော်နှင့် ဆရာတော်ဘုရား၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ် လက်တက် ကျေးရွာတွင် အတောင် ၁၈၀ ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကိုလည်း တည်ထားသည်။

The Voice Weekly