Home » » ထောင်ကျနေသောဖခင်အတွက် စိတ်ကြွဆေးပြားပို့ရန် ကြိုးစားသော ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီး

ထောင်ကျနေသောဖခင်အတွက် စိတ်ကြွဆေးပြားပို့ရန် ကြိုးစားသော ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီး

Written By Unknown on Friday, November 22, 2013 | 3:36 PM

ထောင်ကျနေသည့် ဖခင်ဖြစ်သူ သုံးစွဲရန် စိတ်ကြွဆေးပြားများပေးပို့ရန် ကြိုးစားခဲ့သော ၁၃နှစ်အရွယ် မိန်းကလေးငယ်ကို ဖမ်းဆီးထိန်းသိမ်းလိုက်သည့် ဖြစ်စဉ်တစ်ခု ကျိုင်းတုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၀ရက် နံနက်က ကျိုင်းတုံအကျဉ်းထောင်တွင် အကျဉ်းကျနေသူအချို့အား ၎င်းတို့၏ မိသားစုဝင်များက လာရောက်တွေ့ဆုံစဉ် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့ နယ် မူးယစ်အထူးတပ်ဖွဲ့မှ ဒုရဲအုပ်ပေါ်လင်းငယ်ငယ်ကပြောသည်။

““ကလေးက ထောင်ကျနေတဲ့အဖေကို ထောင်ဝင်စာလာတွေ့တာပါ။ မသင်္ကာလို့ စစ်ဆေးလိုက်တော့ သူ့အဖေအတွက်  စိတ်ကြွဆေးပြားတွေလာပို့တာလို့ ထွက်ဆိုပါတယ်။ အမေလုပ်တဲ့သူက ခိုင်းလိုက်တာလို့ သိရပြီး သူ့အမေကိုသွားဖမ်းတော့ ထွက်ပြေးသွားပါတယ်”” ဟု ၎င်းကပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် မိန်းကလေးမှာ အခါလူမျိုးတစ်ဦးဖြစ်ပြီး ၎င်း၏အဖေမှာလည်း မူးယစ်ဆေးဝါးအမှုနှင့်ပင် ထောင် ၁၆ နှစ် ကျခံနေရသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကလေးငယ်မှာ အသက် ၁၃ နှစ်သာ ရှိသေးသောကြောင့် ကလေးသူငယ်ဥပဒေအရ ချုပ်နှောင်ပိုင်ခွင့်မရှိဘဲ ကျိုင်းတုံမြို့နယ်စခန်းမှူး၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင်ထားကာ ပြစ်မှုပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

7day Daily