Home » » တိရစ္ဆာန်မွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းဆိုင်ရာ အပါအဝင် နည်းဥပဒေရှစ်ခု မန္တလေးတိုင်းလွှတ်တော် ဆွေးနွေးမည်

တိရစ္ဆာန်မွေးမြူခြင်းနှင့် သတ်ဖြတ်ခြင်းဆိုင်ရာ အပါအဝင် နည်းဥပဒေရှစ်ခု မန္တလေးတိုင်းလွှတ်တော် ဆွေးနွေးမည်

Written By Unknown on Wednesday, November 6, 2013 | 3:39 PM

မန္တလေး၊ နိုဝင်ဘာ ၅

ပြန်လည်ကျင်းပနေသော ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် တိရစ္ဆာန် မွေးမြူခြင်းနှင့် တိရစ္ဆာန် သတ်ဖြတ်ခြင်း ဆိုင်ရာ နည်းဥပဒေ အပါအဝင် နည်းဥပဒေ ရှစ်ခု အတည်ပြုနိုင်ရန် ဆွေးနွေးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ယင်းလွှတ်တော် အစည်းအဝေးအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ဥပဒေအရ နည်းဥပဒေ များနှင့် စပ်လျဉ်း၍ သတ်မှတ်ရက် များတွင် ဆွေးနွေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ယင်းနည်းဥပဒေ ရှစ်ခုအနက် နိုဝင်ဘာလ ၈ရက်နေ့တွင် မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ ရွေးချယ်ခြင်း ဆိုင်ရာ နည်းဥပဒေ၊ လမ်းတံတားနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ နည်းဥပဒေ၊ ကူးတို့လုပ်ငန်း ဆိုင်ရာ နည်းဥပဒေနှင့် တိရစ္ဆာန်မွေးမြူခြင်းနှင့် တိရစ္ဆာန် သတ်ဖြတ်ခြင်း ဆိုင်ရာ နည်းဥပဒေတို့ကို ဆွေးနွေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက် နေ့တွင် စီမံခန့်ခွဲရေး ဆိုင်ရာ၊ ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာ နည်းဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ ကိုယ်ပိုင်ဈေးများ၊ ကျွဲ၊ နွားတိရစ္ဆာန် ဈေးပွဲနှင့် လမ်းဘေးဆိုင်ရာ နည်းဥပဒေ၊ စည်ပင်သာယာရေး အဖွဲ့ပိုင် အခွင့်အရေး လိုင်စင်များ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဥပဒေယာဉ်များ လူစီးနှင့် ဝန်တင် တိရစ္ဆာန်များ အပေါ် အခွန်စည်းကြပ် ခြင်းနှင့် ကောက်ခံခြင်း ဆိုင်ရာ နည်းဥပဒေတို့ကို အတည်ပြုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းလွှတ်တော် အစည်းအဝေးအရ ထပ်မံသိရှိရသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် ပုံမှန်အစည်း အဝေးမှ သတ္တမ ပုံမှန်အစည်းအဝေးအထိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေ ၁၉ ခုကို အတည်ပြုခဲ့ကြောင်း ယင်းလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးနှင့် လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီ အစီရင်ခံစာအရ သိရှိရသည်။

The Voice Weekly