Home » » မြန်မာ့ငါးလုပ်ငန်းစာရင်း ယုံကြည်စိတ်ချမှုမရှိဟု နော်ဝေ သုတေသနယာဉ် သတင်းထုတ်ပြန်

မြန်မာ့ငါးလုပ်ငန်းစာရင်း ယုံကြည်စိတ်ချမှုမရှိဟု နော်ဝေ သုတေသနယာဉ် သတင်းထုတ်ပြန်

Written By Unknown on Thursday, November 28, 2013 | 5:22 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ စာရင်းအင်းများသည် စိတ်ချ ယုံကြည်ရသော အခြေအနေ မရှိကြောင်း မြန်မာ့ ငါးသယံဇာတကို သုတေသန ပြုလုပ်ရန် ရောက်ရှိနေသည့် နော်ဝေ ငါးသုတေသန ယာဉ် R/V Dr Fridtjof Nansen ၏ ကနဦး ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် ကျန်ရှိသည့် ငါး၊ ပုစွန် သယံဇာတ ပမာဏနှင့် ငါး၊ ပုစွန် သယံဇာတ မပြုန်းတီးရေးအတွက် တင်းကျပ်သော စီမံခန့်ခွဲမှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်က ထောက်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ဘင်္ဂလား ပင်လယ်အော်အတွင်း တစ်နှစ်လျှင် ငါးဖမ်းဆီးမှုသည် တန်ချိန် ၁ ဒသမ ၃ သန်းမှ ၁ ဒသမ ၈ သန်းအထိ ရှိမည်ဟု ဖော်ပြထားပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဘင်္ဂလား ပင်လယ်အော်အတွင်း ငါးဖမ်းဆီးမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း ဖော်ပြထားသည်။

ပင်လယ်ပြင် သယံဇာတ စီမံခန့်ခွဲမှု တစ်ခုအဖြစ် လာမည့်ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းခွင့် ရပ်ဆိုင်းလိုက်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ် အတွင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။

မြန်မာ့ငါးလုပ်ငန်းတွင် သုတေသန အားနည်းခြင်း၊ စာရင်းအင်း အတိအကျ မရှိခြင်းနှင့် အစိုးရ၏ မူဝါဒများ အားနည်းခြင်းတို့သည် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဟန့်အတား ဖြစ်စေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အစည်းအဝေးများတွင် လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ငါးလုပ်ငန်း စာရင်းအင်းများနှင့် ပတ်သက်၍ ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်တွင် ငါးမွေးမြူရေးကန်များ အထွက်နှုန်း လျော့ကျမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အဆိုပါ အချက်အလက်များကို ဝန်ကြီးဌာနထံသို့ တင်ပြရာတွင် အမှန်အတိုင်း တင်ပြ၍ မရသောကြောင့် စာရင်းပိုပြခြင်းများ ပြုလုပ်ခဲ့ရကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အကြီးတန်း အရာရှိအဖြစ် အမှုထမ်းခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ အကြံပေးအဖြစ် ဆောင်ရွက်လျက်ရှိသူ တစ်ဦးက ထောက်ပြသည်။

The Voice Weekly