Home » » လေကြောင်း စံချိန်စံညွှန်း ညီ မညီ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် စစ်ဆေးမည်

လေကြောင်း စံချိန်စံညွှန်း ညီ မညီ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် စစ်ဆေးမည်

Written By Unknown on Tuesday, November 5, 2013 | 4:40 PM

ရန်ကုန်၊ နိုဝင်ဘာ ၎

လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ညီ မညီ၊ လိုက်နာမှု ရှိ မရှိ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် (ICAO) က လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ နိုဝင်ဘာလ ၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။

အဖွဲ့ချုပ်က နယ်ပယ်ရှစ်ခုကို စစ်ဆေးသွားမည်ဖြစ်ရာ ယင်းနယ်ပယ်များတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများ လိုက်နာဆောင်ရွက်ရန် အဖွဲ့အစည်းများ ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်ခြင်း၊ စည်းမျဉ်းဥပဒေ အမိန့် ညွှန်ကြားချက်များ၊ သတ်မှတ်ထားသော လေကြောင်း လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်ရန် လိုင်စင် ထုတ်ပေးခြင်း၊ လေယာဉ်ပျံသန်း အသုံးပြုသည့် နေရာတွင် လိုက်နာဆောင်ရွက်မှု၊ ညွှန်ကြားမှုများ၊ လေကြောင်းထိန်းသိမ်း ဆက်သွယ်ရေးနှင့် လမ်းညွှန်သည့် နေရာတွင် လိုက်နာဆောင်ရွက်မှု၊ ညွှန်ကြားမှုများ၊ လေယာဉ်နှင့် စက်မှုပိုင်းဆိုင်ရာများတွင် လိုက်နာဆောင်ရွက်မှု၊ ညွှန်ကြားမှုများ၊ လေယာဉ် စံချိန်စံညွှန်း ဆိုင်ရာများတွင် လိုက်နာဆောင်ရွက်မှု၊ ညွှန်ကြားမှုများ၊ လေယာဉ် မတော်တဆဖြစ်သည့် အချက်အလက်များ ပေးပို့မှု ရှိ မရှိတို့ကို စစ်ဆေး မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

လေယာဉ် မတော်တဆ ဖြစ်ရာတွင် လွတ်လပ်စွာ စစ်ဆေးမှု ရှိ မရှိ၊ အခြားနိုင်ငံများနှင့် ပူးပေါင်း လုပ်ဆောင်မှု ရှိ မရှိ တို့ကို စစ်ဆေး၍ လိုအပ်သည့်ပစ္စည်း၊ လိုအပ်သည့် အရည်အချင်းများကို လိုအပ်ပါက အခြားနိုင်ငံများနှင့် MoU ထိုးပြီး လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဦးမျိုးသန့်က ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ် (ICAO) သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပထမတစ်ကြိမ် လာရောက် စစ်ဆေးခဲ့ရာ လိုအပ်ချက်များ၊ ပြင်ဆင်ချက်များ ရှိခဲ့သဖြင့် သုံးနှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ် လာရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly