လွန်ခဲ့သော ဆယ်စုနှစ်ကို ပြန်ကြည့်လျှင် သဘာဝ သယံဇာတ ကျိန်စာသင့်သည်ဟူသော ပြောဆိုချက်သည် သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်သော နိုင်ငံများ အကြားတွင် လက်သုံးစကားသဖွယ် ဖြစ်လာသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံလုံး စုစုပေါင်းဝင်ငွေ၏ ထက်ဝက်ကျော်သည် သဘာဝ သယံဇာတကဏ္ဍမှ ရရှိသော မြန်မာနိုင်ငံအဖို့ သဘာဝ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံဟု ခေါ်ဆိုလျှင် မှားမည်မဟုတ်ဟု ယူဆပါသည်။
သဘာဝ သယံဇာတ အရင်းအမြစ် ကြွယ်ဝသည်ဟု သတ်မှတ်နိုင်သော နိုင်ငံများတွင် လူဦးရေ ၃ ဒသမ ၅ ဘီလီယံမျှ နေထိုင်ကြသော်လည်း လူအများစုမှာ ၎င်းသယံဇာတ ထုတ်လုပ်မှုမှ ရရှိသည့် အကျိုးအမြတ်များကို မခံစားကြရချေ။ သယံဇာတ ပေါကြွယ်ဝမှုသည် နိုင်ငံတစ်နိုင်ငံအတွက် ကျိန်စာသင့်ခဲ့ရသည့် သာဓကများ ရှိသလို ထိုသယံဇာတ အရင်းအမြစ်များသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်မှုအတွက် ဆုလာဘ် ဖြစ်စေတတ်ကြောင်းကို နိုင်ငံတကာ အတွေ့အကြုံများအရ ကြည့်လျှင် ရှင်းလင်းစွာ မြင်နိုင်ပါသည်။
ထို့ကြောင့် သဘာဝ သယံဇာတ ကြွယ်ဝမှုကို အမြော်အမြင်ရှိရှိ အသုံးပြုခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေခြင်းနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို ပံ့ပိုးထောက်ကူပေးသော စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည့် မောင်းနှင်အားတစ်ရပ် ဖြစ်သင့်ပါ သည်။
ကြွယ်ဝသော သယံဇာတများအား နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် စီမံခန့်ခွဲ ဆောင်ရွက်ခြင်း လုပ်ငန်းသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေသော အာဏာပိုင် အစိုးရများ၏ လုပ်ပိုင်ခွင့် သြဇာအာဏာ နယ်ပယ်အတွင်း၌ တည်ရှိသည် ဆိုလျှင်မမှားပေ။ ၎င်းအပြင် ဤသယံဇာတများနှင့် ဆက်စပ် ပတ်သက်လျက်ရှိသော ကုမ္ပဏီများ၊ လူထုအခြေပြု အရပ်ဘက် လူ့ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ သတင်းမီဒီယာများ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ စသည်တို့သည်လည်း အရေးပါသော အခန်းကဏ္ဍ၌ တည်ရှိနေသည် ဆိုလျှင်လည်း မှန်လှပေသည်။
ထို့ကြောင့် သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ဆက်စပ်လျက် ရှိသူများအားလုံး အတူတကွ ပါဝင်ကာ သဘာဝ သယံဇာတ ကျိန်စာမှသည် ဆုလာဘ်အဖြစ် ဖန်တီးပေးနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ခု ဖြစ်တည် လာခဲ့ပေသည်။
၎င်းစံနှုန်းမှာ သဘာဝ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဖော်ဆောင်မှု (Extractive Industries Transparency Initiative – EITI) ဖြစ်ပါသည်။ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး ဖော်ဆောင်မှုသည် ထိုကဏ္ဍများတွင် ပါဝင် ဆောင်ရွက်သော ကုမ္ပဏီများအနေနှင့် သက်ဆိုင်ရာ အိမ်ရှင် အစိုးရများသို့ ပေးရသော ငွေကြေး၊ အခွန်ပမာဏများကို အများပြည်သူထံ အသိပေး ထုတ်ပြန်ပေးရန် ၁၉၉၀ ပြည့်လွန် နှစ်များတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကိစ္စကို လွန်ခဲ့သော ၂၀၀၂ ခုနှစ်က ထိုအချိန်တွင် ဗြိတိန် ဝန်ကြီးချုပ်ဖြစ်သူ တိုနီဘလဲက ၎င်း၏ မိန့်ခွန်းထဲတွင် သဘာဝ သယံဇာတကို အကျိုးရှိစွာ စီမံခန့်ခွဲရန်နှင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံအသီး သီးသို့ ဆော်သြခဲ့ပြီး သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံများ၊ သဘာဝ အရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ EITI လုပ်ငန်းစဉ်များကို စတင်ထုတ်ဖော်ခဲ့ကြသည်။
EITI စံနှုန်းတွင် အဓိကအင်္ဂါရပ် နှစ်ခုရှိသည်။ ကုမ္ပဏီများ အနေနှင့် အစိုးရထံသို့ အခွန်ဘဏ္ဍာငွေ မည်မျှ ပေးဆောင်ရကြောင်းနှင့် အစိုးရအနေနှင့် မိမိတို့ အခွန်ဘဏ္ဍာငွေ မည်မျှ ရရှိကြောင်းတို့ကို EITI အစီရင်ခံစာတွင် အများသိအောင် ထုတ်ဖော်ပြခြင်းတို့ပင် ဖြစ်သည်။
အစိုးရသည် ကုမ္ပဏီများမှ ရရှိသော အခွန်ဘဏ္ဍာငွေများနှင့် တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးပြီး ကုမ္ပဏီများအနေနှင့် မိမိတို့ ပေးဆောင်ထားသော အခွန်ဘဏ္ဍာငွေများနှင့် တူးဖော် ထုတ်လုပ်မှုနှင့် ဆက်စပ်သော မိမိတို့ လုပ်ငန်း များဆိုင်ရာ အချက်အလက်များကို EITI အစီရင်ခံစာတွင် ထုတ်ပြန်သည့် လုပ်ငန်းစဉ်ကို အစိုးရ၊ ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသော သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (Multi Stakeholder Group – MSG) က လမ်းညွှန် ကြီးကြပ်ပါသည်။ ၎င်း MSG ခေါ် သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့သည် မိမိတို့ တိုင်းပြည်၏ EITI လုပ်ငန်းစဉ် မည်သို့ အကောင်အထည် ဖော်မည်ကို ဆုံးဖြတ်ကြ ပါသည်။ အစီရင်ခံစာ တွေ့ရှိချက်များအား အခြေခံကာ လူထုအသိပညာ မြှင့်တင်ရေးနှင့် တိုင်းပြည်၏ အရင်းအမြစ်များကို မည်သို့ အကျိုးရှိစွာ စီမံခန့်ခွဲသင့်သည်ကို အပြန်အလှန် ဆွေးနွေးမှုများ ရှိလာကြသည်။ EITI လုပ်ငန်းစဉ်သည် နိုင်ငံတကာ စံချိန်စံညွန်း ဖြစ်သော်လည်း လိုက်နာ ကျင့်သုံးသည့် နိုင်ငံသည် ထိုနိုင်ငံတကာ စံချိန်စံညွှန်းများမှ သွေဖည်ခြင်းမရှိဘဲ မိမိနိုင်ငံနှင့် ကိုက်ညီမည့် ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ရသည်။ ဤလုပ်ငန်းစဉ်များကို နိုင်ငံတကာ EITI ဆိုင်ရာ အတွင်းဝန်ရုံး၊ ကမ္ဘာ့ဘဏ် ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့ ထိန်းကျောင်း ပေးပါသည်။
သဘာဝ သယံဇာတကြောင့် ကျိန်စာသင့်မှုမှ ရှောင်ရှားနိုင်ပြီး ဆုလာဘ်အဖြစ် အသွင်ပြောင်းနိုင်ရေး အတွက် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က EITI လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ရန် ကြိုးပမ်းလာသည်ကို တွေ့ရှိရသည်။ နိုင်ငံတော်သမ္မတကြီး အနေနှင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၁၂) ဖြင့် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၎င်းအမိန့် ကြော်ငြာစာအရ အစိုးရသည် ကုမ္ပဏီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ပြီး ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်ပြီး သားစဉ်မြေးဆက် အကျိုးရှိမည့် EITI လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံတွင် ကျင့်သုံး ဖော်ဆောင်ရန် ဖော်ပြခဲ့သည်။ ယခုအခါ အစိုးရ၊ ကုမ္ပဏီများနှင့် လူထုအခြေပြု အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေး တာဝန်ခံတို့ ပူးပေါင်းပြီး သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (MSG) ဖွဲ့စည်းနိုင်ရန် ပြင်ဆင်လျက် ရှိပါသည်။ ထိုသုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (MSG) ဖွဲ့စည်းရာတွင် EITI လုပ်ငန်းစဉ်ကို စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်း ပါဝင်နိုင်ပါသည်။
EITI ၏ လုပ်ငန်းစဉ်သည် သဘာဝ သယံဇာတမှ ပြန်လည် ရရှိသော ငွေကြေး၊ ထိုငွေကြေးများ စီမံခန့်ခွဲခြင်းနှင့် ပွင့်လင်း မြင်သာမှု အပေါ်တွင် အဓိကထားပြီး သယံဇာတ ထုတ်ယူမှုကြောင့် ဖြစ်ပေါ်သော လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်နေမှု ကိစ္စရပ်များ အပေါ်တွင် တိုက်ရိုက် တာဝန်ယူမှု အားနည်းသည်ဟု အချို့က ဆိုကြသည်။ မှန်ပါသည်။ EITI သည် သဘာဝ သယံဇာတ ကဏ္ဍတွင် ဖြစ်ပေါ်နေသော လိုအပ်ချက်များ၊ ပြဿနာများကို ပျောက်ကင်းအောင် ကုသနိုင်သော ၉၆ ပါး ရောဂါပျောက်ဆေး မဟုတ်ပါ။ သို့သော်လည်း အနာသိလျှင် ဆေးရှိသည်ဟုသော ဆောင်ပုဒ် အတိုင်း EITI သည် သဘာဝ သယံဇာတ ကဏ္ဍတွင် ဖြစ်ပေါ်နေသာ ရောဂါများကို တိကျရှင်းလင်းစွာ မြင်နိုင်အောင်၊ မည်သို့မည်ပုံ ကုသရမည်ကို ညွှန်ပြပေးသော ဆေးညွှန်း ဖြစ်ပါသည်။ တစ်နည်းဆိုရသော် EITI သည် သဘာဝ သယံဇာတကဏ္ဍတွင် မည်သို့မည်ပုံ ပွင့်လင်း မြင်သာမှု ရှိပြီး ကောင်းမွန်စွာ ဆောင်ရွက်ရမည်ကို အစိုးရ၊ ကုမ္ပဏီများနှင့် လူထုအခြေပြုအဖွဲ့ များအကြား အတူတကွ ပူးပေါင်း ဆောင်ရွက် ညှိနှိုင်း ဆွေးနွေးနိုင်သော ရှေ့သို့ ချီတက်မည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိ ကမ္ဘာ့ပေါ်တွင် EITI အား သဘာဝသယံဇာတ ကျိန်စာသင့်မှု ပြဿနာများအပေါ် ဆွေးနွေး အဖြေရှာရာတွင် အလွန်အသုံးဝင်သော လမ်းစတစ်ခုအဖြစ် ရှုမြင်လာကြပြီး သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်မှု ပွင့်လင်း မြင်သာရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် လက်နက်ကိရိယာ တစ်ခုသဖွယ် ကိုင်တွယ် အသုံးပြု လာကြသည်။
EITI အစီရင်ခံစာမှသည် အစိုးရ၏ တာဝန်ယူမှုကို ဖော်ထုတ်နိုင်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်း များသည် လူထုအကျိုးရှိမည့် ပေါ်လစီများ ချမှတ်ရေးကို ပါဝင် ဆောင်ရွက်နိုင်မည်။ ကုမ္ပဏီများ အနေနှင့်လည်း အခွန်ဘဏ္ဍာငွေနှင့် ဆိုင်သော အချက်အလက်များ၊ လုပ်ငန်း လုပ်ကိုင်ခွင့် ဆိုင်ရာ အချက်အလက်များကို တန်းတူ ဖော်ထုတ်ရသည့်အတွက် မျှတသော ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာ စေနိုင်မည်။
သို့ဖြစ်၍ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော ကမ္ဘာ့နိုင်ငံပေါင်း ၃၉ နိုင်ငံက လက်ခံ သုံးစွဲလျက်ရှိသော EITI စံနှုန်းကို မြန်မာနိုင်ငံကဲ့သို့ သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံတစ်ခု အနေဖြင့်လည်း လိုက်နာကျင့်သုံး သင့်လှပေသည်။ ထို့ကြောင့် သဘာဝ သယံဇာတ ကျိန်စာမှသည် ဆုလာဘ်ဆီသို့ အသွင်ပြောင်း ဖော်ဆောင်နိုင်မည့် EITI စံနှုန်းနှင့် လုပ်ငန်းစဉ်များကို လိုက်နာ ကျင့်သုံးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နိုင်ရန် တိုက်တွန်း လိုက်ရပေသည်။
ကိုအောင်ဖြိုး (MEITI)
The Voice Weekly