Home » » တိမ်မြုပ်နေသော ကြယ်တစ်ပွင့်(သို့)သခင်လှကြိုင်အကြောင်း

တိမ်မြုပ်နေသော ကြယ်တစ်ပွင့်(သို့)သခင်လှကြိုင်အကြောင်း

Written By Unknown on Monday, November 11, 2013 | 7:13 PM

ပဲခူးမြို့၊ ရွှေစေတီဘုရား လမ်းသွယ်၊ အိုးလေးစု၊ မဇင်းရပ်ကွက်၊ အိမ်အမှတ် (မရှိ)နေသူ လှကြိုင်(ခ)သခင်လှကြိုင်၊ (၉၂)နှစ်၊ (ဘ)ဦးအောင်ပွင့်(ကွယ်)၊ (မိ)ဒေါ်တိုး(ကွယ်)မှ ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ ခရစ်ယာန် ဘုရားကျောင်းရှိ ပဲခူးမြစ်ကူးတံတား၊ လူကူးစင်္ကြံ လမ်းမှနေ၍ ဖြတ်သန်း သွားလာသူ ပြည်သူလူထုအား ငွေကြေးတောင်းရမ်း စားသောက်နေမှုနှင့် ပတ်သက်၍ (၉.၁၁.၂၀၁၃)နေ့ နေ့လည်(၁၂း၀၀)အချိန်ခန့်က ၄င်းနေထိုင်ရာ အိမ်သို့ ပဲခူးမြို့ပေါ်ရှိ စိတ်ဝင်စားသူ အချို့မှ သွားရောက် မေးမြန်းခဲ့ကြသည်။

ဦးလှကြိုင်(ခ) သခင်လှကြိုင်သည် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့နယ် ကရင်အေးကျေးရွာ ဇာတိဖြစ်ပြီး မွေးချင်း(၅)ဦးအနက်၊ အကြီးဆုံးသား ဖြစ်ကြောင်း၊ မွေးချင်းများမှာ ဒေါ်တင်မြ(ညီမ)၊ ဦးတွတ်နီ(ညီ)၊ ဦးအုံးလှ(ညီ) နှင့် ဦးဖြူဝင်း(ညီ)တို့ဖြစ်ပြီး မွေးချင်းများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည်မှာ(၁၀)နှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ ဦးလှကြိုင်(ခ) သခင်လှကြိုင်သည် ၁၉၃၈ ခုနှစ်ခန့်က ဧရာဝတီတိုင်း၊ဗိုလ်ရန်နိုင် သခင်တပ်သို့စတင် ၀င်ရောက် အမှုထမ်းခဲ့ပြီး ပဲခူးတိုင်းအနောက်၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ ခရိုင်တို့တွင် အမှုထမ်းခဲ့ကြောင်း၊ အမှုထမ်းခဲ့စဉ် ပဲခူးတိုင်းအနောက် ရွှေတောင်တိုက်ပွဲ၌ နယ်ချဲ့အင်္ဂလိပ်တပ်များအား လည်းကောင်း၊ သာယာဝတီခရိုင်အနောက်ခြမ်းနှင့် မော်လမြိုင်ဒေသတို့တွင် ဖက်စစ် ဂျပန်တပ်များအား ဗိုလ်ရန်နိုင်၊ သခင်ထွန်းအုပ်တို့နှင့်အတူ တိုက်ပွဲဝင် ခဲ့ကြောင်း၊ တိုက်ပွဲဝင်ခဲ့သည့်ကာလအတွင်း ဘယ်ခြေမျက်စိ၌ သေနတ် ကျည်ဆံရှပ်မှန်သည့် ဒဏ်ရာရရှိခဲ့ဘူးကြောင်း၊ တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ဘူးကြောင်းနှင့် ၁၉၄၆-၄၇ခုနှစ်တွင် လက်နက်အပ်၍ တပ်မှ ထွက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဦးလှကြိုင်(ခ)သခင်လှကြိုင်မှ ၄င်းသည်တပ်မှ ထွက်ပြီးနောက် မော်လမြိုင်မြို့နေ ဒေါ်ဝက်နှင့် အိမ်ထောင်ပြုခဲ့ရာ သမီးဒေါ်ခင်လှနှင့် သမီးဒေါ်သန်းစိန်တို့(၂)ဦးထွန်းကားခဲ့ကြောင်း၊ ဒေါ်ခင်လှသည်တစ်ရပ်ကွက်တည်းနေထိုင်ပြီး ဒေါ်သန်းစိန်မှာ ၄င်းနှင့်အတူ နေထိုက်လျှက်ရှိကြောင်း၊ အိမ်ထောင်ပြုပြီးနောက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက်၌ မိသားစုနှင့်အတူ ဆေးဆိုးပန်းရိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့စဉ် ဇနီးဖြစ်သူမှာ ၁၉၉၃ ခုနှစ်ခန့်တွင် ကွယ်လွန်ခဲ့သဖြင့် စီးပွားရေးအဆင် မပြေ၍ ပဲခူးမြို့၊ ရွှေစေတီဘုရားလမ်းသွယ်၊ အိုးလေးစု၊ မဇင်းရပ်ကွက်သို့ မိသားစုများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ပဲခူးမြို့သို့ရောက်စဉ် သမီးဒေါ်သန်းစိန်မှ ဆေးလိပ်လိပ်သည့်အလုပ်ဖြင့် မိသားစု စားဝတ်နေရေး
ဆောင်ရွက်ခဲ့ရာမှ သမီးဖြစ်သူမှာ ကျန်းမာရေး မကောင်းသဖြင့်သမီး၏ သားဖြစ်သူမင်းသက်ထွန်း၏ နေ့စားပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့ကြောင်း ပြောဆိုခဲ့သည်။

၎င်းနောက်ဦးလှကြိုင်(ခ)သခင်လှကြိုင်မြေးဖြစ်သူ မင်းသက်ထွန်းမှာ ၂၀၁၃ ခုနှစ်၊ဇူလှိုင်လခန့်က ဆိုင်ကယ်တိုက်မှုဖြင့် ထောင်ဒဏ်(၃)လကျခံခဲ့စဉ် ယခင်နေထိုင်ခဲ့သည့် နေအိမ်အား(၁၂)သိန်းကျပ်ဖြင့်ရောင်းချ၍ ဆိုင်ကယ်တိုက်မှုအတွက် လျော်ကြေးငွေပေးခြင်း၊ မိသားစု စားဝတ်နေရေး အတွက် အသုံးပြုခြင်းများ ဆောင်ရွက်ခဲ့ရာကနေ ငွေကြေး အဆင်မပြေတော့သဖြင့် ပဲခူးမြို့ဇိုင်း/တောင်ရပ်ကွက်၊ မြစ်ကူးတံတား ခရစ်ယာန်ဘုရားရှိခိုး ကျောင်းအရှေ့မှ နေ၍လမ်းသွား လမ်းလာများအားငွေ ကြေးတောင်းရမ်းခဲ့ကြောင်းပြောဆိုခဲ့သည်။

၎င်းအနေဖြင့် ယခုအခါသမီးဖြစ်သူ ဒေါ်သန်းစိန်၊ မြေးဖြစ်သူ မင်းသက်ထွန်း(၂၃)နှစ်တို့နှင့်အတူ တစ်လမ်းတည်းနေ ဦးတင်အောင်စိုး၊ ဒေါ်ရီ တို့ပိုင်ဆိုင်သည့် ခြံကွက်လပ်၌ ပိုင်ရှင်တို့၏ သနားညှာတာမှုဖြင့်
တဲအိမ်ဆောက်လုပ်၍ နေထိုင်လျှက်ရှိပြီး ၄င်းနေအိမ်မှ ငွေကြေးတောင်း ရမ်းခဲ့ရာက ယခုအချိန်ထိဖြစ်ကြောင်း၊ တောင်ရမ်းစားသောက်မှုအပေါ် မိသားစုဝင်များသိရှိ၍ တားမြစ်ခဲ့သော်လည်း စားဝတ်နေရေးအရတောင်းရမ်း နေရခြင်းဖြစ်ကြောင်းဖြင့်ပြောဆိုခဲ့သည်။

၎င်းအနေဖြင့် တော်လှန်ရေးရဲဘော် ဟောင်းတစ်ဦးဖြစ်ပြီး အထောက်အထားများနှင့်အတူ ၂၀၀၇ ခုနှစ်ခန့်က ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်း(ယခင်)ဥက္ကဌ ဗိုလ်မှူးထွန်းမြင့်ထံ တင်ပြလျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရသည်။

ယခုအခါမှာတော့ ပြည်တွင်းပြည်ပမှ စေတနာရှင်များ၏ ထောက်ပံ့မှုများ တဖွဲဖွဲရောက်လာပြီး၊ ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် ပဲခူးမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့မှလည်း လစဉ်ကြေးများ ထောက်ပံ့နေပြီဖြစ်သဖြင့် သခင်လှကြိုင်နှင့် သခင်လှကြိုင်မိသားစုမှ တပြုံပြုံးနှင့် ၀မ်းသားလျှက်၇ှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကိုသန့် ဇင်

by Myanmar News Now