Home » » တစ်ပတ်အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ် ၇၀ ကျော် အရေးယူ

တစ်ပတ်အတွင်း စည်းကမ်းမဲ့ မော်တော်ယာဉ် ၇၀ ကျော် အရေးယူ

Written By Unknown on Wednesday, November 20, 2013 | 4:17 PM

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်မြို့တွင်း လမ်းမများတွင် စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို နိုဝင်ဘာလ ဒုတိယပတ်က စတင်၍ ကရိန်းယာဉ်ဖြင့် နေ့စဉ် ဖယ်ရှား အရေးယူခဲ့ရာ တစ်ပတ်အတွင်း စုစုပေါင်း မော်တော်ယာဉ် အစီး ၇၀ ကျော် အရေးယူခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောကြားသည်။

စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့က စ၍ ဖမ်းဆီး အရေးယူခဲ့ရာ အစီးရေ ၁၀၀ ကျော် ဖမ်းဆီးခဲ့သော်လည်း ဆွဲယာဉ်ဖြင့် ဖယ်ရှားခဲ့သော မော်တော်ယာဉ် ၇၀ ကျော်မှာ စည်ပင်သာယာရေး ဥပဒေအရ ဒဏ်ငွေ နှစ်သောင်းခွဲ ပေးဆောင်ပြီး ဖြစ်ကြောင်း၊ ကျန်မော်တော်ယာဉ် များမှာ စည်းကမ်းမဲ့ ရပ်နားထားသော်လည်း ယာဉ်မောင်းသူ ရှိသဖြင့် လိုင်စင်စာအုပ်နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် သိမ်းဆည်းကာ ချလန်ဖြတ် အရေးယူထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စည်းကမ်းမဲ့ ရပ်နားထားသော မော်တော်ယာဉ်များကို ဆွဲယာဉ်များဖြင့် ဖယ်ရှား ရှင်းလင်းရာတွင် စီမံချက်သဘောဖြင့် ခဏတာ လုပ်ဆောင်ပါက စည်းကမ်းမဲ့ မော်တော်ယာဉ်များ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ်အတွင်းရှိ စည်းကမ်းမဲ့ မော်တော်ယာဉ် များကို ဆွဲယာဉ်ဖြင့် ဆွဲယူစဉ် ကြည့်ရှုနေသူ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ အဓိကကျသော လမ်းမကြီး စုစုပေါင်း ၃၇ လမ်းပေါ်တွင် ယာဉ်ရပ်နားပါက ဆွဲယာဉ်ဖြင့် ယာဉ်ရပ်နားစခန်းသို့ သယ်ယူသွားမည် ဖြစ်ပြီး ဆွဲယာဉ် သယ်ယူခကို ယာဉ်ပိုင်ရှင်များက ပေးဆောင်ရမည့်အပြင် စည်ပင် ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

The Voice Weekly