Home » » ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

Written By Unknown on Sunday, November 3, 2013 | 4:49 PM

ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ၏ ပညာရေးအတွက် ဆက်သွယ်ရေးသည် အခက်အခဲတစ်ခု ဖြစ်နေပြီး ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာ သုံးသပ်ချက်များ ပါဝင်သော အချက်အလက်များကို ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ပြီး ပထမအဆင့် မူကြမ်းကို တင်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ကောင်စီပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စစူးဇန်န်နားဂါလ်ဗန်ထံက သိရသည်။

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ အဆင့်မြင့် ပညာရေး ပူးပေါင်းရေးအတွက် စွမ်းရည်မြှင့် သင်တန်းပေးခြင်းသည် ပထမအဆင့်ဖြစ်ပြီး စတင်မည့် အချိန်ကာလကို နိုဝင်ဘာလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Mr. David J.Lock က ပြောကြားသည်။

The Voice Weekly