ဆူပါ တိုက်ဖွန်းမုန်တိုင်း ဖျက်ဆီးခံခဲ့ရတဲ့ မြို့တွေမှာ နိုဝင်ဘာ ၁၃ ရက်နေ့က လုယက်မှုတွေနဲ့ ဓားမြမှု သတင်းတွေကြောင့် ဖိလစ်ပိုင်လူထုအတွင်း ကြောက်ရွံ့မှုတွေနဲ့ စိုးထိတ်မှုတွေ များပြားလာနေပါတယ်။
မုန်တိုင်း တိုက်ခတ်ပြီး ၅ ရက် အကြာမှာတော့ ထိခိုက်ခံရတဲ့ လူတွေထဲမှာ အနည်းစုကသာ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ရရှိနေပါတယ်။
အစားအစာ၊ ရေနဲ့ တခြားပစ္စည်းတွေအတွက် ဈေးဆိုင်တွေနဲ့ ဂိုဒေါင်တွေကို နေရာအနှံ့ လုယူ နေကြတာကြောင့် တချို့နေရာမှာ မင်းမဲ့တိုင်းပြည် ဆန်ဆန် ဖြစ်နေရပါတယ်။
လေတီခရိုင်အတွင်းက တက်ကလိုဘန်မှာ လူအများအပြား မြှုပ်နှံထားတဲ့ မြေကျင်းအနီးမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် လူတစုအကြား ပစ်ခတ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း မြို့တော် အုပ်ချုပ်ရေးမှူး တက်ဆန် ဂျွန်လင်းမ်က တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
ဒီသတင်းဟာ ဒေသခံ လူထုအတွင်း ပျံ့နှံ့သွားပြီး လက်နက်ကိုင် သူပုန်တွေကို ကြောက်ရွံ့တာကြောင့် ကျေးရွာအများအပြားက လူတွေ ထွက်ပြေးသွားကြပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ကြောက်ရွံ့ပြီး အရပ်သားတွေဟာ ထရပ်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးကြပါတယ်။
ပျက်စီးနေတဲ့မြို့အတွင်း လုယက်မှုတွေနဲ့ မုဒိန်းပြုကျင့်တယ်ဆိုတဲ့ သတင်းတွေနဲ့ ထောင်တွေက လွတ်လာတဲ့ ရာဇ၀တ်သားတွေ ရှိတယ်ဆိုတဲ့ တချို့ ရွာသားတွေရဲ့ ပြောဆိုချက်တွေကြောင့် ကြောက်ရွံ့မှုကို ပိုဆိုးလာစေပါတယ်။
တက်ကလိုဘန် အုပ်ချုပ်ရေးမှူ မစ္စတာ လင်းမ်ကတော့ မုန်တိုင်းဖြစ်ပွားပြီး နောက်ပိုင်း ထောင်က လွတ်သွားတဲ့လူဟာ “၁၀ ဂဏန်း မပြည့်ဘူး” လို့ ပြောပါတယ်။
အမျိုးသမီးတဦးက “ကျမတို့ ထောင်သားတွေကို ကြောက်တယ်။ သူတို့ နေရာတိုင်း သတ်ဖြတ်နေကြတယ်” လို့ ပြောပါတယ်။
တချို့အမျိုးသားတွေကတော့ ၁ လုံးထိုး သေနတ်တွေ ကိုင်ထားပြီး တဖက်ရွာက ဓားပြတွေကို ကြောက်နေကြတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့အထိတော့ အာဏာပိုင်တွေက အတည်ပြုနိုင်တဲ့ သေဆုံးသူ ၂၃၄၄ ယောက်ရှိပြီး ၇၉ ယောက် ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေကတော့ ဒီကိန်းဂဏန်းတွေ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
တက်ကလိုဘန်မှာ လောင်စာဆီ ရှားပါးမှု ဖြစ်နေပြီး ဒေသခံတွေဟာ ဓာတ်ဆီဆိုင်မှာ တန်းစီနေပါတယ်။
မုန်တိုင်းကြောင့် လူပေါင်း ၆ သိန်း ၇ သောင်းလောက် အိုးအိမ်မဲ့ ဖြစ်သွားရပြီး မုန်တိုင်းဟာ လူဦးရေရဲ့ ၁၂ ရာနှုန်းကို တိုက်ရိုက် ထိခိုက်စေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
by ဒီဗွီဘီ
Home »
World News
» ဖိလစ်ပိုင် မုန်တိုင်းဒဏ်ခံ မြို့အချို့တွင် လုယက်မှုဖြစ်