Home » » အန်ဂျီအိုများကို ရခိုင်ပြည်နယ် အစိုးရ ခေါ်ယူသတိပေး

အန်ဂျီအိုများကို ရခိုင်ပြည်နယ် အစိုးရ ခေါ်ယူသတိပေး

Written By Unknown on Monday, November 4, 2013 | 7:53 PM

လူမှုကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ မျှမျှတတဆောင်ရွက်ကြဖို့ စစ်တွေမြို့မှာရှိတဲ့ ယူအန်အဖွဲ့အစည်းတွေ၊ အိုင်အန်ဂျီအို အဖွဲ့အစည်း ၁၈ ဖွဲ့ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ခေါ်ယူတွေ့ဆုံပြီး သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ ထပ်မံဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ အန်ဂျီအိုတချို့ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ ဘက်လိုက်မှု ရှိတယ်ဆိုပြီး စစ်တွေမြို့ခံတွေက မကျေမနပ်ဖြစ်ခဲ့ပြီးနောက် အခုလို ခေါ်ယူတွေ့ဆုံခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဦးလှသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဦးဦးလှသိန်းက ခုလိုပြောပါတယ်။

အခင်းဖြစ်ပွားပုံမှာ ပေါက်တောမြို့နယ် ဆင်တက်မော် ဘင်္ဂါလီဒုက္ခသည်စခန်းမှာ ဒုက္ခသည်တဦး ထင်းသွားရှာရင်း သေဆုံးရာက အစပြုတာလို့ ပြောပါတယ်။

“ပေါက်တော့ မြို့နယ်ထဲမှာ ဆင်တက်မော်ဆိုတဲ့ ရခိုင်ရွာနဲ့ ဆင်တက်မော်ဆိုတဲ့ ဘင်္ဂါလီ ဒုက္ခသည်စခန်း ရှိတယ်။ ဆင်တက်မော် ရခိုင်ရွာနဲ့ ဆင်တက်မော် ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ တောင်ရှိတယ်။ အဲဒီတောင်မှာ ဘင်္ဂါလီ ဒုက္ခသည်တွေ တောင်ပေါ်မှာ ထင်းရှာရင်းနဲ့ လူပျောက်တယ်ဆိုပြီးတော့ စပြီးဖြစ်တာ။ သူတို့က နေ့ခင်းပိုင်းမှာ ဘင်္ဂါလီရွာသား ၆ ဦး ပျောက်နေတယ်လို့ အဲလိုပြောတယ်။ ဘင်္ဂါလီတွေ တောင်ပေါ်တက်ရှာတဲ့အခါကျတော့ ဘင်္ဂါလီလူမျိုးတယောက် သေဆုံးနေတဲ့အလောင်းကို တွေ့တော့ အဲဒီအလောင်းကို ယူပြီး ဗလီကို သယ်သွားတဲ့အခါကျတော့ ဆင်တက်မော်ရခိုင်ရွာဘက်မှာ ရှိတဲ့ ရဲနဲ့ တာဝန်ရှိသူတွေက သတင်းဟုတ်မဟုတ်ကို သွားရောက်စိစစ်တာပေါ့။ ဘင်္ဂါလီတွေက လုံခြုံရေးတာဝန်ရှိတဲ့ သူတွေကို ၀ိုင်းအုံလာကြပြီး စစ်ဆေးဖို့အခြေအနေ မပေးတဲ့အတွက်ကြောင့် လုံခြုံရေးတာဝန်ရှိသူတွေက သေနတ် ပစ်ဖောက်ပြီးတော့ ထွက်ခွာလာရတယ်။ အဲဒီလိုဖြစ်တဲ့အချိန်က ၂ ရက်နေ့ ညနေ ၄ နာရီ ကျော် လောက်မှာ ဖြစ်တာပေါ့လေ။”
အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ရွာမှာ ရခိုင်အမျိုးသမီးတွေ တိုက်ခိုက်ခံရပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

“ဆင်အိုင်ဆိုတဲ့ ရွာမှာ ဟင်းချက်စားဖို့အတွက် ဂုံးသွားကောက်နေတဲ့ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ ဟိုဘက်မှာလည်း ဘင်္ဂါလီအမျိုးသားတယောက် ပျောက်ဆုံးနေတာကို ရခိုင်တွေ သတ်လို့သေတယ်ဆိုပြီး စွပ်စွဲချက်တွေ၊ ပယောဂတွေ ရှိတဲ့အတွက်ကြောင့် ဒီဘက်မှာရှိတဲ့ ရခိုင်သူတွေ ဂုံးကောက်တဲ့နေရာကို သွားပြီး အကြမ်းဖက်မယ်ဆိုပြီး ဘင်္ဂါလီသုံးယောက် တုတ်တွေ၊ ဓားတွေနဲ့ လိုက်လာတော့ ရခိုင်အမျိုးသမီးတွေ ထွက်ပြေးတဲ့အခါမှာ တယောက်က မလွတ်ဘူး။ နောက်တယောက်က အခုတ်ခံရတယ်။ ဒါပေမယ့် သူက ထွက်ပြေးလို့ လွတ်တယ်။ အဲဒါနဲ့ ဆင်အိုင်ရွာကို ပြန်ရောက်တဲ့အခါမှာ တပ်က တာဝန်ရှိတဲ့သူကို သတင်းပို့ပြီး ဂုံးကောက်တဲ့နေရာကို ပြန်သွားကြည့်တဲ့အခါမှာ မလှခင်ဆိုတဲ့ အမျိုးသမီးက ဓားဒဏ်ရာတွေ လှံဒဏ်ရာတွေနဲ့ သေဆုံးနေတယ်။ မမေသန်းခင်ဆိုတဲ့ မိန်းကလေးကတော့ ရွာအထိ ဒဏ်ရာတွေနဲ့ ဆွဲခေါ်လာနိုင်တာပေါ့။ အဲဒီ မိန်းကလေးကို စစ်တွေ ဆေးရုံမှာ ဆေးကုထားတယ်ခင်ဗျ။ ”
စစ်တွေဒေသခံတွေကတော့ ဘဂါင်္လီ ဒုက္ခသည်စခန်းက ဒဏ်ရာရသူတွေကို MSF နယ်စီးမခြား ဆရာဝန်များအဖွဲ့ကနေပြီး စစ်တွေဆေးရုံကို ခေါ်သွားပေမယ့် ဒဏ်ရာရသွားတဲ့ ရခိုင်အမျိုးသမီးကို အကူအညီမပေးတာဟာ ဘက်လိုက်တယ်ဆိုပြီး မနေ့ညက ဆန္ဒပြဖို့ လုပ်ခဲ့ပေမယ့် ဒေသခံတွေအာဏာပိုင်တွေ ညှိနှိုင်းပေးမှုကြောင့် ပြေလည်မှု ရရှိသွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ စစ်တွေမြို့မှာရှိတဲ့ ယူအန်အဖွဲ့အစည်းတွေ၊ အိုင်အန်ဂန်အိုအဖွဲ့တွေကို ခေါ်ယူပြီး အခုလို သတိပေးတာလို့ ဦးလှသိန်းက ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးစီးပြီးတော့ စစ်တွေမှာ ရှိနေတဲ့ အိုင်အန်ဂျီအိုတွေနဲ့ ယူအန်အေဂျင်စီတွေရယ် ၁၈ ဖွဲ့လောက်ခေါ်ပြီးတော့ ၀န်ကြီးချုပ်က ဒီဒေသက ပ​ဋိ​ပက္ခ ဖြစ်နေတဲ့ ဒေသဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့ အခါမှာ လူသားချင်းစာနာပြီးတော့ အထောက်အပံ့ ပြုမယ်ဆိုလိုရင်လည်း နှစ်ဖက်လုံးကို မျှမျှတတ ဆောင်ရွက်တဲ့ အကြောင်းကို ဒေသခံ ပြည်သူပြည်သားတွေ မြင်အောင် ပြဖို့လိုတယ်။ နေတဲ့ ထိုင်တဲ့ ကိစ္စတွေမှာလည်း စည်းနဲ ကမ်းနဲ့ စနစ်နဲ့ ဥပဒေနဲ့ ဘောင်အတွင်းက ဖြစ်ဖို့လိုတယ်။ နိုင်ငံခြားသားဆိုပြီးတော့ အခွင့်အရေး သီးသီးခြားခြားပေးထားတဲ့ ဥပဒေ ဒီမှာ မရှိဘူးပေါ့နော်။ နည်းနည်းပါးပါး သတိပေး ဆွေးနွေးရတာပေါ့။”
ဒီကိစ္စနဲ့ပတ်သက်ပြီး MSF အဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရခိုင်ပြည်နယ်မှာ လူမှုရေးဆောင်ရွက်နေတဲ့ ယူအန်အိုချာကအဖွဲ့က ကွင်းဆင်းညှိနှိုင်းရေးအရာရှိ ကိုကျော်နိုင်ဝင်းက “ကျနော်တို့ကတော့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ အကုန်လုံးဆောင်ရွက်နေပါတယ်။ အခုအခါက အစိုးရကနေ ကျနော်တို့ကို တချက်ခေါ်ပြီးပြောတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်း ကစပြီး အုပ်စု နှစ်ခုအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒုက္ခသည် တသိန်းကျော်ရှိရာ ၈ သောင်းကျော်မှာ ဘင်္ဂလီဒုက္ခသည်တွေဖြစ်ပါတယ်။ အလားတူ ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာလည်း သံတွဲမြို့မှာ ပဋိပက္ခထပ်မံဖြစ်ပွားပြီး အိုးအိမ်မဲ့သူတွေ ပိုများလာခဲ့ပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)