Home » » အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့သောက်စားပျော်ပါးသူ ၄၂ ဦးကို ရှင်းလင်း

အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့သောက်စားပျော်ပါးသူ ၄၂ ဦးကို ရှင်းလင်း

Written By Unknown on Thursday, November 14, 2013 | 8:12 PM

အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့၍ အရက်သောက်စားပျော်ပါးသူများကို စစ်ဆေးရာ နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင် ၄၂ ဦးကို ရှင်းလင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ် ပြည်လမ်း အရှေ့ဘက်၊ အင်းယားကန်ပေါင်ပေါ်တွင် နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်ချိန်၌ ၀ိုင်းဖွဲ့၍ အရက်သေစာ သောက်စား ပျော်ပါးသူများအား လိုက်လံရှင်းလင်းရာ ၄၂ ဦး တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
““အင်းယားကန်ပေါင်ပေါ်မှာ သောက်ကြစားကြနဲ့ ပြီးရင်ရန်ဖြစ်ကြ၊ မှုခင်းတွေကျူးလွန်ကြဆိုတော့ ည ၁၂ နာရီကျော် နောက်ပိုင်းကို နေခွင့်မပေးတော့ဘူး။ မှုခင်းတွေက အဲဒီကစဖြစ်တော့တာပဲ။ ဒါကြောင့် အထက်က အမိန့်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၂ နာရီနောက်ပိုင်းနေတာတွေ့ ရင် သတိပေးပြီး ရေးမှတ်တယ်။ ဖမ်းမထားပါဘူး”” ဟု လှိုင်မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၃ ရက် ညနေတွင် ပြောသည်။

မြို့နယ်နှစ်ခု ဆက်စပ်နေသောကြောင့် ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိများလည်း မြို့နယ်နှစ်ခု ဆက်နေသောကြောင့် မြို့နယ်ချင်း အတူပူးပေါင်းကာ မြို့နယ်ရဲတပ်ဖွဲ့မှူးများကိုယ်တိုင် လိုက်ပါဆောင်ရွက်နေကြောင်း သိရရှိရသည်။
““စခန်းမှာတော့ ဖမ်းမထားပါဘူး။ ဒီအချိန်ထိတော့ ဘယ်ဖမ်းထားမလဲဗျာ။ သူတို့ကိုရေးမှတ်ပြီး ပြန်လွှတ်လိုက်တာနေမှာ။ ညတာဝန်မှူးကျတဲ့သူ ဆောင်ရွက်နေတယ်”” ဟု ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၃ ရက် ညနေတွင် ပြောသည်။

ရန်ကုန်တက္ကသိုလ် မြောက်ဘက်တွင် တည်ရှိသည့် အင်းယားကန်ရေပြင်အား ပြည်လမ်းအရှေ့ဘက်တွင် ကန်ပေါင်နှင့် ကာရံထားပြီး အများပြည်သူ နားနေနိုင်ရန် ခုံများ၊ လျှောက်လမ်းများနှင့် မြက်ခင်းစိမ်းများ၊ ပန်းအလှများ ပြင်ဆင်ထားသည်။ အဆိုပါနေရာအား အများပြည်သူအတွက် မှုခင်းများမဖြစ်ပေါ်စေရန် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များက တာဝန်ယူနေပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီ မိုးမလင်းမီ အရက်သောက်ကာ ပျော်ပါးသူများအား ပညာပေးရှင်းလင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

7DAY DAILY