Home » » မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့

မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ဆိုင်းငံ့

Written By Unknown on Tuesday, November 12, 2013 | 5:57 PM

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ်ဝန်ကြီးဌာနက တင်ပြလာတဲ့ မီတာခ တိုးကောက်မယ့် အစီအစဉ်ကို ပယ်ချလိုက်ပြီး လာမယ့် ဘဏ္ဍာရေးနှစ်ကျမှ အသစ် ပြန်လည် တင်ပြဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။

ဒါကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ခံယူတာတော့ မလုပ်ခဲ့ပါဘူး။ နိုဝင်ဘာ ၁၂ ရက် ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီတာခ တက်ရတာနဲ့ ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဘာကြောင့် မီတာခ တက်ရတယ် ဆိုတာကိုပဲ ရှင်းပြပြီး ဘယ်နှုန်းထား ပြန်လျော့ချမယ်၊ အချိန် ဘယ်လောက် ဆိုင်းမယ်ဆိုတာကို တင်ပြခြင်း မရှိပါဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုသာ ခံယူမယ်လို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လျှပ်စစ်သုံးစွဲမှု ၁၅ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေပြီး လာမယ့် ၂၀၁၄ နွေရာသီဆိုရင် မီဂါဝပ် ၂၃၀၀ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မီဂါဝပ် ၁၆၅၅ ပဲ အများဆုံး ပေးနိုင်မှာဖြစ်ပြီး မီဂါဝပ် ၇၀၀ ကျော် လိုနေသေးတယ်၊ ဒီအတွက် ရန်ပုံငွေ အများကြီး လိုနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

by ဒီဗွီဘီ