မန္တလေးမြို့တော် ဧရာဝတီ မြစ်ကမ်းဘေးရှိ တာရိုးတစ်လျှောက်တွင် ယိုင်နဲ့နဲ့ပုံစံ ရှိသော ထရံကာ၊ ဝါးကပ်မိုး တဲအိမ်ကလေးပေါင်း များစွာ ပြွတ်သိပ် ကြပ်ညှပ်စွာ ရှိနေသည်။ ဖုန်အလိမ်းလိမ်းဖြင့် အရောင်မထွက်သော ယင်းတဲတို့မှ ဆိုးဝါးသော အနံ့အသက်များ လေထုအတွင်း လွှမ်းခြုံနေသည်။
အဆိုပါ တဲအိမ်များသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျူးကျော်ဟု သတ်မှတ်ထားသော တဲများ ဖြစ်ပြီး (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ အချို့ကို လက်ခံ ကျင်းပမည့် မန္တလေးမြို့တော်တွင် ယင်းပွဲတော် မတိုင်မီ မြို့တော် ဂုဏ်သိက္ခာအတွက် သက်ဆိုင်ရာ၏ ဖယ်ရှား ရှင်းလင်းခြင်း ခံရတော့မည့် ကျူးကျော် နေထိုင်သူများ၏ နေအိမ်များပင် ဖြစ်သည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက “မြစ်ကမ်းဘေးမှာ ဒီလိုမျိုး တဲလေးတွေနဲ့ ကျူးကျော်ပြီးနေတာ အမှန်အတိုင်း ပြောရင် မြို့အင်္ဂါရပ်နဲ့လည်း မညီဘူး။ အရုပ်ဆိုးစေတယ်လေ။ မကြာခင် ဆီးဂိမ်းကလည်း စတော့မယ်။ နိုင်ငံခြားသား ခရီးသည်တွေလည်း ဝင်လာကြတော့မယ် ဆိုတော့ ဒါတွေရှိနေတာ အမြင်မတင့်တယ်ဘူးပေါ့” ဟု ပြောဆိုသည်။
မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်သူများကလည်း ၎င်းတို့၏ ကျူးကျော် နေထိုင်မှုသည် မြို့တော်ကို အရုပ်ဆိုးစေသည် ဆိုသော အချက်ကို သဘောတူ လက်ခံကြသော်လည်း ကျူးကျော် နေထိုင်ကြသူများသည် ဧရာဝတီမြစ်ကို အခြေပြု အသက်မွေး ဝမ်းကျောင်းကြသူများ ဖြစ်ကြပြီး မြစ်ကမ်းဘေးရှိ သဲစုပ် လုပ်ငန်းအတွက် သဲသယ်ကြသူ၊ အခယူ အဝတ်လျှော်ပေးကြသူ၊ ဆိုက်ကပ်လာသော လှေ၊ သင်္ဘောများပေါ်မှ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ကြသည့် ကုန်တင်ကုန်ချ အထမ်းသမားများ၊ မုန့်မျိုးစုံ ရောင်းချသူ၊ တစ်နိုင်တစ်ပိုင် ထမင်းဆိုင် ဖွင့်ကြသူများ ဖြစ်ပြီး မြစ်ကမ်းဘေး နေရာမှ လွဲ၍ အခြား မည်သည့် နေရာကိုမျှ ရွှေ့ပြောင်း နေထိုင်လိုစိတ် မရှိကြချေ။
“တရားဝင် အိမ်ဆောက်ပြီး နေလို့လည်းမရတော့ မိုးကာတဲလေးတွေနဲ့ နေကြတော့ အရုပ်ဆိုးတယ် ဆိုတာလည်း အားလုံးက သိကြပါတယ်။ လက်လည်း လက်ခံပါတယ်။ ဒါပေမဲ့ ဒီမှာနေတဲ့လူတွေ အကုန်လုံး နီးပါးက ဒီနေရာကလွဲပြီး ဘာအလုပ်မှ မလုပ်တတ်လို့ ဆင်းရဲလွန်းလို့ နေကြရတာပါ” ဟု ဧရာဝတီ မြစ်ကမ်းဘေးတွင် ကျူးကျော်တဲဖြင့် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်လာခဲ့သော သားသည် မိခင် ခဝါသည် အမျိုးသမီး တစ်ဦးက ဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောင်းရွှေ့ ဖယ်ရှားရန် အကြောင်းကြားစာ ပို့ထားသည့် အဆိုပါ ကျူးကျော်တဲများတွင် အိမ်ထောင်စု စုစုပေါင်း ၉၇ စု နေထိုင်ပြီး ယင်းမိသားစုများ၏ သားသမီး တစ်ရာကျော်ခန့်မှာ ပညာလေ့လာ သင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည်။
“ဒီမှာဆိုရင် အဝတ်လျှော်မလား၊ ကုန်ထမ်းမလား ပိုက်ဆံရှာရ လွယ်တယ်။ ဒီမြစ်ကြီး ရှိနေတော့ အဝတ်လျှော်ဖို့က ရေလည်း ကိုယ်စိုက်စရာ မလိုဘူး။ လျှော်ပြီးရင် အဝတ်လှမ်းဖို့ နေရာလည်း ပူစရာ မလိုတော့ဘူး။ လျှော်ပြီး ကမ်းပေါ်မှာ လှမ်းရုံပဲ။ ရလာတဲ့ လုပ်အားခက ကိုယ့်အတွက် ကျန်တယ်။ တခြားနေရာမှာဆို ဒါမျိုး ဘယ်ရမလဲ” ဟု ခဝါသည် အမျိုးသမီးက ဆိုသည်။
၎င်းကပင် ဆက်လက်ပြီး “ယောက်ျားက သင်္ဘောပေါ်မှာ ကုန်ထမ်းတယ်။ ကလေးတွေကလည်း ကျောင်းပိတ်ရက် ဆိုရင် ရေအိုး ထမ်းကြတယ်။ တစ်ခေါက်ကို ၂၅ ကျပ် ရတယ်။ သူတို့နိုင်ရင် နိုင်သလောက် ကျောင်းမုန့်ဖိုး ရတယ်။ ဒီမှာနေရင် တစ်မိသားစုလုံး ပိုက်ဆံရှာလို့ ရတယ်။ အလုပ်က ရှိတာကိုး။ ကျွန်မကတော့ ဒီနေရာ ကလွဲပြီး ဘယ်ကိုမှ မသွားချင်ဘူး။ တခြားနေရာတွေက ဒီနေရာလို အလုပ်အကိုင်က ရှိပါ့မလား” ဟု စိုးရိမ်ပူပန်စွာ ညည်းတွား ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျူးကျော်တဲများ ပြောင်းရွှေ့ရန် အကြောင်းအကြားစာ ရောက်သည့်နေ့မှ စ၍ ကျူးကျော် နေထိုင်ကြသူများ အားလုံး စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ပြီး ကောင်းစွာ အိပ်မပျော်ကြတော့ဟု ၎င်းတို့က ဆိုကြသည်။
“ကျွန်တော်တို့ လက်ထဲကို စာရောက်လာ ကတည်းက ငါတို့တော့ ဘယ်လို လုပ်ကြမလဲ ဆိုပြီး စိတ်ဆင်းရဲလွန်းလို့ ညဘက်ဆိုရင် အိပ်တောင် မပျော်ကြဘူး။ သတိပေးစာ သုံးကြိမ် ပို့မယ်လို့ ပြောပေမယ့် နောက်ထပ် ဘာစာမှတော့ မလာသေးဘူး။ မပြောင်းလို့ မရဘူး ဆိုရင်တော့ ပြောင်းရမှာပေါ့။ သွားစရာနေရာ မရှိဘူး။ ဘယ်လိုပဲ အသနားခံရခံရ ဖြစ်နိုင်ရင် မပြောင်းချင်ဘူး။ ပြောင်းရရင် အားလုံး ကစဥ့်ကလျား ဖြစ်ကုန်မှာ” ဟု ကျူးကျော်တဲတွင် နေထိုင်ပြီး သင်္ဘောများပေါ်တွင် မုန့်ရောင်းချသူ အမျိုးသားတစ်ဦးက ရှင်းပြသည်။
ယခုအချိန်အထိ မည်သူမျှ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း အဆိုပါ နေရာတွင် နေထိုင်သူများက ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက “ကိုယ်တွေကလည်း တာဝန်အရ လုပ်ရတာ ဆိုတော့ မလုပ်ချင်လည်း လုပ်ရတာပဲ။ အောက်တိုဘာ လကုန်အပြီး ပြောင်းပေးဖို့ စာပို့ထားပေမယ့် VIP ခရီးစဉ်တွေ ဘာတွေကလည်းရှိ ဌာန အနေနဲ့ကလည်း အလုပ်ရှုပ်နေတော့ ခုချိန်ထိ ရှင်းလင်းရေး မစနိုင်သေးဘူး။ မပြောင်းကြသေးရင်တော့ ဒုတိယအကြိမ် စာပို့မယ်။ အဆင်ပြေရင်တော့ တစ်ခါတည်း ရှင်းလင်းရေး လုပ်မယ်။ ဆီးဂိမ်း မတိုင်မီ အပြီးရှင်းဖို့ ညွှန်ကြားချက်ကလည်း ရထားပြီးပြီ” ဟု ရှင်းပြသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်က ဧရာဝတီ မြစ်ကမ်းနံဘေး ကျူးကျော် နေထိုင်သူများကို ရှင်းလင်းပြီး မြို့သစ်များတွင် အကွက်ရိုက်ကာ မြေနေရာပေးခဲ့ သော်လည်း လုံလောက်သည့် အလုပ်အကိုင် အခွင့်လမ်းများ ဖန်တီးပေးမှု မရှိခဲ့သည့်အပြင် ရေရှားပါးခြင်း၊ လူနေခေါင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် မြို့သစ်နေရာများကို ဈေးပေါပေါဖြင့် ရောင်းချပြီး မူလ နေထိုင်ခဲ့သည့် မြစ်ကမ်းဘေးတွင် ကျူးကျော်တဲများဖြင့် ပြန်လည် နေထိုင်လာကြခြင်း ဖြစ်သည်။
“အရင်ခေတ်က ကျူးကျော်တွေ အားလုံး မြို့သစ်ကို ရွှေ့လိုက်တယ်။ နေရတာက မြို့သစ်၊ လုပ်တဲ့အလုပ်က မြစ်ဆိပ်က ကုန်ထမ်းသမား။ ဒီကိုလာဖို့အတွက် ကားခ အသွားအပြန်က ကိုယ့်လုပ်အားခထက် များတယ်။ မြို့သစ်မှာ လုပ်ဖို့ကလည်း ဘာအလုပ်မှ မရှိဘူး။ ပိုက်ဆံ မရှိတော့ ဘာနဲ့ ထမင်း သွားစားမှာလဲ” ဟု ကုန်ထမ်း အလုပ်သမားတစ်ဦးက ဆိုသည်။
ထို့ကြောင့် ရရှိသော နေရာကို ပြန်လည် ရောင်းချ စားသောက်ခဲ့ရပြီး ၎င်းရောင်းစဉ်က ကျပ် သောင်းဂဏန်းသာ ရရှိခဲ့ကြောင်း၊ ယင်းသို့ ရောင်းချပြီး မကြာခင် အဆိုပါမြေမှာ ကျပ်သိန်းရာချီ ဈေးတက်သွားကြောင်း ၎င်းထံမှ သိရသည်။
“ကိုယ်တွေမှာ အိမ်မပိုင်၊ ယာမပိုင်နဲ့ နောက်ဆုံးတော့ ဝမ်းရေးအတွက် ဒီနေရာကို ပြန်ရောက် လာကြရတာပါပဲ” ဟု ၎င်းက ဆိုသည်။
ကျူးကျော် နေထိုင်ကြသူများသည် ခွန်အားကို အသုံးပြု ငွေရှာကြသူများ ဖြစ်ပြီး မြစ်ကမ်းဘေးမှ အခြေခံ အလုပ်များမှအပ အခြားအလုပ်များကို မလုပ်တတ် မကိုင်တတ်ဟု ဆိုကြသည်။
“ဒီလူတွေ အားလုံးက ခွန်အားသုံးပြီးတော့ပဲ ငွေရှာတတ်တာ။ တချို့က ပြောကြတယ်၊ ဈေးချိုထဲ သွားပြီး အလုပ်လုပ်ပါလားတဲ့။ လက်တွေ့မှာ ဘယ် အလုပ်ရှင်ကမှ ခေါ်မခိုင်းဘူး။ ဒီမှာက ကိုယ့်သဘောနဲ့ကိုယ် အလုပ်က ရှိပြီးသား။ ဗိုက်ဆာလို့ ထမင်းစားစရာ မရှိရင်တောင် ကုန်ငါးခေါက်လောက် သွားထမ်းလိုက်၊ ထမင်းတစ်နပ် စားလို့ရပြီ။ တခြားနေရာ ဆိုရင် ဒီလိုရပါ့ မလား” ဟု ကုန်ထမ်း အလုပ်သမားက ဆိုသည်။
မြစ်ကမ်းဘေးတွင် ကျူးကျော် နေထိုင်ကြသူ များသည် ငွေကြေး ချို့တဲ့ကြပြီး မြစ်ကမ်းဘေးတွင် နေထိုင်ကြခြင်းမှာလည်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းကြောင့် ဖြစ်သည်ဟု ကျူးကျော် နေထိုင်ကြသူများက ဆိုသည်။
“ဒီတစ်ခါ ပြောင်းရွှေ့ရရင်လည်း မြို့သစ်တုန်းကလို မဟုတ်ဘဲ ဒီမှာလို အလုပ်အကိုင်တွေ ရှိစေချင်တယ်။ ပြီးတော့ နေထိုင်ဖို့အတွက်လည်း အာမခံချက် ပေးနိုင်တဲ့ နေရာမျိုး ဖြစ်စေချင်တယ်။ ကိုယ်တွေလည်း သူများတွေကို ကိုယ့်အိမ်လေးနဲ့ကိုယ် ကောင်းကောင်း နေပြီး ကောင်းကောင်း အလုပ်လုပ်ချင်တယ်။ ဒါပေမဲ့ ငွေရှာလို့ လွယ်တာလည်း ဒီတစ်နေရာတည်းပဲ ရှိပြီး ဒီနေရာနဲ့ အနီးဆုံးနေရာမှာ နေဖို့ကလည်း ကိုယ်ကမှ ငွေကြေး မတတ်နိုင်တာ” ဟု ခဝါသည် အမျိုးသမီးက ပြောကြားသည်။
ကျူးကျော် နေထိုင်ကြသူများက လိုအပ်သော အချိန်များတွင် သက်ဆိုင်ရာအတွက် တတ်စွမ်းသမျှ ကူညီပံ့ပိုးကြပြီး ၎င်းတို့သည် လူ့အသိုင်းအဝိုင်းကို အနှောင့်အယှက် မပြုဘဲ အကျိုးပြုသည်ဟု ဆိုကြသည်။
“လုပ်အားပေးဟေ့ ဆိုရင်လည်း ဒီလူတွေပဲ။ တာကျိုးတော့မယ်ဟေ့ ဆိုတုန်းကလည်း ဒီလူတွေက နေ့မအိပ် ညမအိပ် သဲအိတ်တွေ ထမ်းပြီး ဖို့ကြရတာ။ ဒီလူတွေ ရှိနေလို့သာပေါ့။ ပြီးခဲ့တဲ့လက ဂေါဝိန်မှာ ညအိပ်နားထားတဲ့ သင်္ဘောပေါ်ကို လှေနဲ့ သူခိုးတွေ လာခိုးကြတော့ ဘယ်သူမှ မသိလိုက်ဘူးလေ။ အဲဒါ ဒီလိုနေတဲ့လူတွေ မရှိလို့ပေါ့။ ဒီမှာဆိုရင် စောင့်ကြည့်ပေးမယ့် လူတွေ ရှိတဲ့အပြင် ခိုးဆိုး လုယက် ရမ်းကားသူ တစ်ယောက်မှ မရှိတဲ့အတွက် သင်္ဘောတွေ အားလုံး စိတ်ချ၊လက်ချ နားလို့ရတယ်” ဟု ကုန်ထမ်းသမား တစ်ဦးက ဆိုသည်။
ငါးပွက်ရာ ငါးစာချ သကဲ့သို့ ၎င်းတို့ ကဲ့သို့သော အခြေခံလူတန်းစားများ အတွက် အလုပ်အကိုင် ပေါများရာ နေရာတွင် ပြောင်းရွှေ့ နေထိုင်ရခြင်းအတွက် စိန်ခေါ်မှုပေါင်း များစွာ ရှိနေသည်။ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်ဆုံးသော နည်းလမ်းကို သက်ဆိုင်ရာက မဆောင်ရွက်နိုင်ပါက ထိုနေရာတွင် အချိန်ကာလ အပိုင်းအခြား တစ်ခုသာ ရှင်းလင်းသွားနိုင်ပြီး ရေရှည်တွင် ထိုပြဿနာ ပြန်လည် ဖြစ်ပေါ်လာဦးမည်မှာ မလွဲမသွေပင် ဖြစ်သည်။
“တကယ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ပြောင်းကို ပြောင်းပေးရမယ် ဆိုရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အားလုံးရဲ့ ဆန္ဒကတော့ အစိုးရ အနေနဲ့ မြို့တော် သန့်ရှင်း သာယာစေချင်တယ် ဆိုရင်လည်း ကျူးတွေအတွက် မြစ်ကမ်းဘေးနားမှာ တန်ဖိုးနည်း အိမ်ရာလေးတွေ ဆောက်ပေးမယ်၊ အလုပ်သမား တန်းလျားလေးတွေ ဆောက်ပေးမယ် ဆိုရင် ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ ချေးငှားပြီးတော့ပဲ ဖြစ်ဖြစ် ဝယ်နိုင်အောင် ဝယ်ပြီး နေပါ့မယ်။ ဈေးကောက်လည်း ဘယ်လောက် ပေးရပေးရ ပေးပါ့မယ်။ သန့်သန့်ရှင်းရှင်းလည်း နေပါ့မယ်။ ဒီနေရာမှာ နေရရင်ကို ကျေနပ်ပါပြီ” ဟု ကျူးကျော် နေထိုင်သူ တစ်ဦးက ရင်ဖွင့် ပြောဆိုသည်။
ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင် ရှားပါးမှုသည် ကျူးကျော်တဲများ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း ဖြစ်ပြီး အစိုးရပိုင်းက မှန်ကန်သော မူဝါဒဖြင့် ဖြေရှင်းမှသာ ကျူးကျော်ပြဿနာ ပပျောက်မည်ဟု မြို့ခံများက သုံးသပ်မှုများလည်း ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက “သူတို့တွေကတော့ ကမ်းနားမှာပဲ နေချင်မှာပေါ့။ အမှန်ကတော့ စီးပွားရေး ပြဿနာပဲ။ မြို့အတွင်း အပြင်မှာကို မျှတတဲ့ စီးပွားရေးဇုန်တွေ မရှိတာ။ အလုပ်တွေ မြို့ထဲမှာပဲ ရှိတဲ့အခါကျတော့ မြို့ပြင်က လူက ဘယ်သွား လုပ်ရမှာလဲ။ ဟိုတုန်းကတော့ စဉ်းစားခဲ့ဖူးတယ်။ လိုင်းခန်းတွေ ဆောက်ပေးဖို့၊ သူတို့နဲ့ ထိုက်တန်တဲ့ တဲတွေ ဆောက်ပေးဖို့။ ဒါပေမဲ့ နေရာက ဘယ်မှာလဲ။ အဲဒီတော့ ချက်ချင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ရေရှည် Town Plan ဆွဲရမယ်။ ရွာတွေမှာ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ရမယ်။ တခြားနေရာကို ပို့မယ် ဆိုရင်လည်း သူတို့အတွက် သွားလာရေး လွယ်ကူစေဖို့ စီစဉ်ပေးရမယ်။ ဒါက တော်တော်လေး ကြီးမားတဲ့ ပြဿနာ ဆိုတော့ ရေရှည် တည်တံ့တဲ့ အစီအစဉ်ဆွဲပြီး အဖြေရှာဖို့ သင့်ပြီ။ အဲဒီလိုမှ မဟုတ်ရင် ခုရှင်းလိုက်လည်း နောက်ကျ ပြန်ရောက်လာကြမှာပဲ” ဟု သုံးသပ်သည်။
ဧရာဝတီ မြစ်ကမ်းဘေးရှိ ကျူးကျော် နေထိုင်ကြသူများက အနာဂတ်မဲ့နေသော ဘဝများစွာအတွက် အစိုးရ ကူညီထောက်ပံ့မှု လိုအပ်ပြီး အမိန့်ညွှန်ကြားချက်များထက် စာနာ နားလည်မှုနှင့် ဂရုစိုက်မှုကို လိုလားကြကာ ၎င်းတို့ အနေနှင့်လည်း သက်ဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဝန်မလေးဟု ပြောဆိုကြသည်။
Written by ခန့်ခန့်
The Voice Weekly