Home » » တံတားဦးလေဆိပ်တွင် ထူးကုမ္ပဏီပိုင် ကော်ဖီဆိုင် မီးလောင်

တံတားဦးလေဆိပ်တွင် ထူးကုမ္ပဏီပိုင် ကော်ဖီဆိုင် မီးလောင်

Written By Unknown on Tuesday, November 5, 2013 | 4:53 PM

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော ကော်ဖီဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီအချိန်ခန့်က တံတားဦးမြို့နယ် တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်အပေါ်ထပ် ပြည်တွင်းထွက်ခွာမှန်တံခါးအနီး ထူးကုမ္ပဏီမှ ဖွင့်လှစ်ထားသော Espace coffee & bar ဆိုင်အတွင်းရှိ ရေခဲသေတ္တာ safe guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ လေဆိပ်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုင်းမီးသတ်ဦးစီးဌာနများမှ သတင်းရရှိသည်။

လောင်ကျွမ်းချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး သိန်း ၃၅၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်။ ဆိုင်အပေါ်တည့်တည့်ရှိ လေဆိပ်အဆောက်အအုံ တောင်ဘက်ခြမ်း ခေါင်မိုးအစွန်း ပြာသာဒ်လည်း မီးလောင်ကျွမ်းခဲ့သည်။ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးကိုယ်တိုင် လာရောက်ကာ မီးလောင်ကျွမ်းမှုကို စစ်ဆေးခဲ့သည်။

တံတားဦးမြို့နယ်တွင်ပင် နေထိုင်သော အသက် (၂၉)နှစ်အရွယ် ယင်းဆိုင်တာဝန်ခံအမျိုးသားကို လေဆိပ်နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

““လေဆိပ်ထဲမှာ မီးသုံးတဲ့ဆိုင်တွေကို အရင်ကတည်းက ကြပ်မတ်ပြီးသားပါ။ ခုနေ့လယ်မှာ မီးသုံးတဲ့ဆိုင်တွေ ခေါ်တွေ့ဖို့ရှိတယ်”” ဟု တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ပြောသည်။
““ထူးကုမ္ပဏီကနေပြီး ဆိုင်တာဝန်ခံတွေကနေတစ်ဆင့် ပျက်စီးသွားတာတွေအတွက် အကုန်ပြန်လုပ်ပေးမယ်လို့ ပြောတယ်။ ပြင်ဆင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေတောင် ရောက်နေပြီ”” ဟု တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဆင့်မြင့်ဝန်ထမ်းတစ်ဦးက ပြောသည်။

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ် အပေါ်ထပ်နှင့် အောက်ထပ်များတွင် မီးငြှိမ်းသတ်မှုကြောင့် ရေများတင်ကျန်နေပြီး လောင်ကျွမ်းခဲ့သည့်ဆိုင်ကို မိုးကာများကာရံကာ ရှင်းလင်းမှုများ ဆောင်ရွက်နေသည်။ အခင်းဖြစ်ပွားမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်နားထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆောင်ရွက်နေ ကြောင်း လေဆိပ်ရဲစခန်းမှ တာ န်ရှိသူတစ်ဦးကပြောသည်။

နိုဝင်ဘာ ၄ ရက်က မန္တလေးမြို့တွင် လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုအပြင် ချမ်းအေးသာစံမြို့နယ် ၃၅ လမ်းနှင့် ၆၈ လမ်းကြားရှိ စားသောက်ဆိုင်နှင့် အမရပူရ မှန်တန်းရပ်ကွက်တို့တွင် အသေးစားမီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သေးကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

7DAY DAILY