Home » » ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်

ထိုင်း အပန်းဖြေကမ်းခြေတွင် ကမ္ဘာလှည့်ခရီးသည် ကူးတို့သင်္ဘောနစ်မြုပ်

Written By Unknown on Monday, November 4, 2013 | 6:45 PM

ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေစခန်း ကမ်းလွန်တွင် ကမ္ဘာလှည့်ခရီးသည်များကို ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့ရာ နိုင်ငံခြားသား ၃ ဦး အပါအဝင် အနည်းဆုံး လူ ၆ ဦး သေဆုံးသည်။ ထို့အပြင် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း အခြားလူများ ပိတ်မိနေနိုင်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကနဦးသတင်းများအရ သင်္ဘောနစ်မြုပ်မှုအတွင်း ထိုင်းလူမျိုး ၃ ဦးနှင့် နိုင်ငံခြားသား ၃ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့ AFP သို့ အတည်ပြုသည်။ သို့သော် သေဆုံးသွားသည့် နိုင်ငံခြားသား ၃ ဦးမှာ မည်သည့် နိုင်ငံသားဖြစ်ကြောင်း စသည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိချေ။

ကူးတို့သင်္ဘောသည် တနင်္ဂနွေနေ့ ညနေပိုင်းက ပတ္တရားကမ်းလွန်းရှိ ခိုလန်းန် (Koh Larn) ကျွန်းငယ်လေးအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကူးတို့သင်္ဘောမှာ ခရီးသည် အဆမတန်တင်ဆောင်ခဲ့ဖွယ်ရှိပြီး စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ဖွယ်ရှိကြောင်း ဒေသခံ သတင်းဌာနများကဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသူတို့၏ ဆွေမျိုးများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ပြောကြားပြီး ဖုန်းခေါ်ဆိုသူကိုမူ လျှို့ဝှက်ထားသည်။ သင်္ဘောနစ်မြုပ်မှုအတွင်း လိုက်ပါလာသူများကို ရှာဖွေကယ်ဆယ်လျက်ရှိကြောင်းနှင့် နစ်မြုပ်သွားသည့် သင်္ဘောအတွင်း လူများ ပိတ်နေခြင်းရှိ မရှိ မသေချာကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ သို့သော် ဒေသခံ သတင်းများ၏ အဆိုအရ ဒါဇင်နှင့်ချီသော အရေးပေါ်လူနာတင်ယာဉ်များ ပတ္တရားကမ်းခြေတွင် စောင့်ဆိုင်းနေကြောင်း ဖော်ပြသည်။ နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် ခန့်မှန်းခြေ ခရီးသည် ၁၀၀ ခန့် လိုက်ပါသွားကြောင်းနှင့် ညနေ ၅ နာရီဝန်းကျင်တွင် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း ပတ္တရားကမ်းခြေ ကမ္ဘာလှည့်ခရီးသည်များ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ရုရှားမှလာသော သတင်းများအရ သင်္ဘောနစ်မြုပ်မှုကြောင့် ကလေးတစ်ဦးအပါအဝင်ရုရှားလူမျိုး ၃ ဦးကို ဆေးရုံသို့ တင်ပို့လိုက်ရပြီး အရေးပေါ်အခြေအနေဖြစ်ကြောင်း သိရသည်။ နစ်မြုပ်သွားသည့် ကူတို့သင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် အနည်းဆုံး ထက်ဝက်ခန့်မှာ ရုရှားလူမျိုး ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ရုရှားကောင်စစ်ဝန် အင်ဒရူး ဒီဗိုညက်ကော့ဗ်က ပြောကြားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏တောင်ဘက် ၉၃ မိုင်ခန့်အကွာတွင် တည်ရှိသော ပတ္တရားကမ်းခြေ အပန်းဖြေစခန်းမှာ ညပိုင်း လည်ပတ်ပျော်ရွှင်ဖွယ်ကောင်းခြင်းနှင့် တည်းခိုနေထိုင်စရိတ်များ သက်သာခြင်းတို့ကြောင့် ရုရှားလူမျိုးများ အားလပ်ရက် အပန်းဖြေထွက်သည့် နေရာအဖြစ် ရေပန်စားလာကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယမန်နှစ်အတွင်းက ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၂၂ သန်း လာရောက်ခဲ့သော်လည်း လုံခြုံရေးအခြေအနေ လျော့ရဲမှုနှင့် မတော်တဆမှုများ မကြာခဏဖြစ်ပေါ်မှု ပြဿနာများ ရှိနေဆဲဖြစ်သည်။

Planet Myanmar Network