Home » » လျှပ်စစ်မီတာခ မလျှော့ဘဲ ချေးငွေကိစ္စအတည်မပြုသင့်

လျှပ်စစ်မီတာခ မလျှော့ဘဲ ချေးငွေကိစ္စအတည်မပြုသင့်

Written By Unknown on Friday, November 8, 2013 | 4:48 PM

နေပြည်တော်၊ နိုဝင်ဘာ-၇


 ပြည်သူများကို လျှပ်စစ်မီတာခလျှော့ချကောက် ခံခြင်းမပြုဘဲ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အတွက်အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာသန်း ၆၀ ချေးယူရန် ကိစ္စကို လွှတ်တော်မှ အတည်မပြုသင့်ကြောင်း အလုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က နိုဝင်ဘာ ၇ ရက်၌ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ခေတ္တနားနေချိန်၌ မီဒီယာများသို့ ပြောဆိုခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာစွာဖြင့် အမေရိကန် ဒေါ်လာသန်း ၆၀ ချေးယူပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကွန်ရက်များ တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းကော်မတီက နိုဝင်ဘာ ၇ ရက်၌ ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြလာမှုနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပြည်သူတွေကို မီတာခငွေမလျှော့ဘဲ ချေးငွေကို အတည်မပြုသင့်ပါဘူး။ ချေးငွေက ဘယ်တော့ချေးချေးရတယ်။ သူတို့ကချေးယူတဲ့ ကိစ္စမှာ သေချာလည်းမဖော်ပြထားဘူး။ အမေရိကန်ဒေါ်လာ၇သန်းကျော်ကို မမျှော်မှန်း နိုင်တဲ့ကုန်ကျ စရိတ်လို့ ဖော်ပြထားတယ်။မြန်မာကျပ်ငွေ သန်းပေါင်းသုံးထောင်ကျော်ကလည်း ထပ်လိုက်ရဦးမယ်။ အဲဒီလိုမရေရာတဲ့ကိစ္စက လွှတ်တော်ကို လှည့်စားသလိုပဲ" ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေ အမေရိကန်ဒေါ်လာသန်း၆၀ ချေးယူရန် ကိစ္စနှင့် ပတ်သက် ၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံတင်ပြမှုအပေါ်လွှတ် တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်တစ်ဦးတည်းက သာယင်းကဲ့သို့ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

"ပြည်သူအတွက်လည်းအကျိုးရှိတယ်။ အတိုးနှုန်း သက်သာပြီးနိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်လို့ ဒီလို ချေးယူခြင်းကိုထောက်ခံတာ ဖြစ်တယ်" ဟု ပျော်ဘွယ် မဲဆန္ဒ နယ်မှ ဦးမြင့်စိုးက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ဦးခိုင်မောင်ရည်က ' ဘယ် လောက်ပဲအတိုးနှုန်း သက်သာပါစေ၊ ချေးငွေရပါစေ၊ ဒါတွေ ကအရေးမကြီးဘူး။ ရှေ့က လုပ်ငန်းတွေ မပြီးပြတ်သေးဘူး၊ နောက်လုပ်ငန်းတွေ ကျော်လုပ်နေတဲ့ အခါ ရှေ့လုပ်ငန်းအောင်မြင်လား၊ မအောင်မြင်လား မပြောနိုင်ဘူး။ နောက်ထပ်လုပ်ငန်းအတွက်ပဲ ငွေဆက် ချေးနေကြတယ် " ဟုပြောကြားခဲ့သည်။

အဆိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် အာရှဖွံ့ဖြိုးရေး ဘဏ်မှ အတိုးနှုန်းသက်သာစွာ ဖြင့် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၆၀ ချေး ယူရန်ကိစ္စ ခွင့်ပြုခဲ့ပြီး လေးလ တစ်ကြိမ် အစီရင်ခံစာ တင်သွင်းရမည်ဖြစ် ကြောင်းပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ပြည့်ပြည့်၊

စံတော်ချိန် နေ့စဉ်သတင်းစာ