Home » » ABSDF နှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ နှစ်လနောက်ဆုတ်

ABSDF နှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ နှစ်လနောက်ဆုတ်

Written By Unknown on Thursday, November 21, 2013 | 1:16 PM

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့၏ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူညီထားသော နိုဝင်ဘာလ အတွင်း ဒုတိယအကြိမ် ပြုလုပ်မည့် ဆွေးနွေးပွဲကို ဇန်နဝါရီလအထိ ရွှေ့ဆိုင်းလိုက်ကြောင်း ABSDF ဗဟိုကော်မတီဝင် ဦးကျော်ကိုက ပြောကြားသည်။

ABSDF နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများ နိုဝင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေကို အချိန်ပေး နိုင်အောင်လို့ နောက်ဆုတ်လိုက်တာပါ” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ဖွဲ့ချင်း ဆွေးနွေးခြင်းထက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ယုံကြည်မှု ရရှိသည်အထိ ဆွေးနွေးရေး တို့ကို ဦးစားပေးပြီး ပါဝင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) သည် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း အစိုးရနှင့် ပထမအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေး ထားပြီး ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို နိုဝင်ဘာအတွင်း ပြုလုပ်ရေး အပါအဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ၁၂ ချက်ကို လက်မှတ် ရေးထိုးထားသည်။

The Voice Weekly