Home » » SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်

SEA Games ကာလ မန္တလေးမှ နေပြည်တော် အထူးယာဉ်များ ၂၄ နာရီပြေးဆွဲမည်

Written By Unknown on Tuesday, October 29, 2013 | 1:21 PM

မန္တလေး၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကာလအတွင်း အားကစား ဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ ပြိုင်ပွဲများ ကြည့်ရှုရာတွင် သွားလာရေး အဆင်ပြေစေရန်အတွက် မန္တလေးမှ နေပြည်တော်သို့ တစ်နာရီလျှင် တစ်စီးနှုန်းဖြင့် အထူးမှန်လုံ ယာဉ်ကြီးများ ၂၄ နာရီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မန္တလေးမြို့တော် ပြည်ကြီးတံခွန် မြို့နယ်ရှိ ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်းမှ နေပြည်တော်နှင့် မန္တလေးတို့သို့ လက်ရှိ ယာဉ် ၂၇ စီး ပြေးဆွဲလျက်ရှိရာ ပွဲတော် ကာလအတွင်း အသွား ၂၄ စီး၊ အပြန် ၂၄ စီး စုစုပေါင်း ယာဉ် ၄၈ စီးဖြင့် ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း၊ ခရီးသည် လိုက်ပါ စီးနင်းမှု အခြေအနေအရ လိုအပ်ပါက ထွက်ခွာချိန်နှင့် ယာဉ်စီးရေ ထပ်မံတိုးမြှင့် စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မန္တလေးမှ နေပြည်တော်သို့ ပြေးဆွဲနေသော ယာဉ်လိုင်း အရေအတွက် ၁၁ ခု ရှိပြီး ပွဲတော်ကာလအတွင်း ကားလက်မှတ်ခမှာလည်း အသွား ၄၅၀၀ ကျပ်၊ အပြန် ၄၅၀၀ ကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ ထပ်မံသိရသည်။
“နေပြည်တော်မှာ ပြုလုပ်မယ့် ပြိုင်ပွဲတွေကို သွားကြည့်ရမှာ အဆင်ပြေ သွားတာပေါ့။ ကားခကလည်း ၁၀၀၀ လောက် သက်သာတယ်။ ပြီးတော့ တစ်နာရီခြား တစ်စီးထွက်မှာဆိုတော့ နေပြည်တော်ကို ပြိုင်ပွဲ သွားကြည့်ဖို့ အဆင်ပြေသွားတယ်။ ကိုယ်ကြည့်ချင်တဲ့ ကစားနည်းပြိုင်ပွဲ စမယ့်အချိန်ကို ဒီကနေချိန်ပြီး သွားလို့ ရတာပေါ့” ဟု အားကစားဝါသနာ ရှင်တစ်ဦးဖြစ်သူ မန္တလေးမြို့ခံ အသက် ၂၅ နှစ်အရွယ်ရှိ ဦိးရဲထွန်းက ဆိုသည်။

SEA Games အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ပထမဦးဆုံး လက်ခံပြုလုပ်မည် ဖြစ်သည်။

The Voice Weekly