Home » » မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆို

မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် KIO တပ်တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု ဆို

Written By Unknown on Wednesday, October 2, 2013 | 1:58 PM

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရ၏စစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ နံနက်ပိုင်း ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIO နှင့် မုန်းဒိန်ပါ ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၂၉ ရက်မှ စတင်၍ အစိုးရ၏ တပ်ရင်းသုံးရင်းပါ စစ်ကြောင်း လှုပ်ရှားလာသဖြင့် KIA တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း ၁၂ တပ်ဖွဲ့နှင့် ယနေ့ထိ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။

“အရင်လ ၂၉၊ ၃၀၊ ဒီမနက် (အောက်တိုဘာ ၁ ရက်) ထိ တိုက်ပွဲဖြစ်တယ်။ ၂၉ ရက်မှာက ဗန်းမော်-မန်စီ ကားလမ်းအောက် ချောင်းလမ်း ဂျယ်ဂေါင်အနားမှာ တိုက်ပွဲဖြစ်တယ်။ ၃၀ ရက်မှာက ခါချဉ်ဆိုတဲ့ ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ ဒီမနက် ၆ နာရီလောက်မှာ ကောင်ဂျာရွာအနားမှာ ဆက်ဖြစ်တယ်”ဟု KIOစစ် ပြေးဒုက္ခသည်များ ကူညီရေးကော်မတီတာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အစိုးရဘက်မှ အနည်းဆုံး ခြောက်ဦးခန့် ကျဆုံးမှုရှိသည်ဟု သိရပြီး KIA ဘက်မှ ထိခိုက်ကျဆုံးသူမရှိကြောင်း သူက ဆက်ပြောသည်။ လတ်တလော မန်စီမြို့နယ် သို့ မိုးမိတ်ဘက်မှ အစိုးရ စစ်ကြောင်းများ ထပ်မံ တိုးမြင့်လာမှုများရှိသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားရန် ရှိနေသည်ဟု သူက ဆက်ပြောသည်။

အောက်တိုဘာလ ၁ ရက်တွင် နမ်လင်းပါကျေးရွာအနီးသို့ အစိုးရစစ်ကြောင်းများ ရောက်ရှိနေပြီဟု သိရသဖြင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု မုန်းဒိန်ပါကျေးရွာသားတစ်ဦးက မဇိ္ဈမကို ပြောသည်။

“နေ့တိုင်း စိုးရိမ်စိတ်နဲ့ နေနေရတယ်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ပါဘဲ။ တိုက်ပွဲမပြင်းထန်ဘူးဆိုရင် ရွာမှာနေတယ်။ ခုက တောကို ထွက်ပြေးမယ်ဆိုလည်း တောမှာက စစ်တပ်က ရှိနေတော့ ကျွန်မတို့ ထွက်ပြေးဖို့ နေရာမရှိဘူး။ ကျွန်မတို့ရွာနဲ့ ၁၂ မိုင်လောက်ဝေးတယ်။ သူတို့က (အစိုးရစစ်တပ်) မဂျီဘွမ်တောင်ကနေ ဆင်းသွားပြီးတော့ မနေ့က ပြန်တက်လာတော့ တိုက်ပွဲဖြစ်တာ”ဟု ၎င်းဒေသခံက မဇိ္ဈမကို ပြောသည်။

စက်တင်ဘာ ၃၀ ရက်ကလည်း ၎င်းစစ်ကြောင်းနှင့် KIA တပ်ရင်း ၁၂ တပ်ဖွဲ့များနှင့် နမ်လင်းပါနှင့် သံတံတားကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထိုဒေသခံက ဆက်ပြောသည်။ ဒေသခံများသည် တိုက်ပွဲဖြစ်ပွားလာပါက ဗန်းမော်မြို့သို့ တိမ်းရှောင်ရန်သာရှိပြီး ထိုဒေသများတွင် တိုက်ပွဲဖြစ်ပွားချိန်တွင် ဗန်းမော်ကားလမ်းများ ပိတ်ထားလေ့ ရှိသော်လည်း လတ်တလော ကားလမ်းများ သွားလာ၍ ရနေသည်။

မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသော်လည်း မည်သည့် နေရာဖြစ်ပွားသည်ကို အတိအကျ မသိရကြောင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မန်စီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းကြိုင်က မဇိ္ဈမကို ပြောသည်။

“ဟိုနေ့ကဖြစ်တဲ့ကိစ္စ ကျွန်တော်ကြားတာက အစိုးရစစ်ကြောင်းကတော့ ရိက္ခာပို့ဖို့ သွားတာနဲ့တူပါတယ်။ အဲဒီလို လှုပ်ရှားသွားတဲ့အခါမှာ တိုက်ပွဲဖြစ်တာ။ တိုက်ဖို့ခိုက်ဖို့တော့ မဟုတ်ဘူး။ သူတို့ လိုက်တိုက်တာတော့ မရှိပါဘူး”ဟု သူကပြောသည်။ လတ်တလော သူသည် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေ၍ အသေး စိတ်မသိရကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း မိုင်းခေါင်နှင့် နမ်လင်းပါကျေးရွာအကြားတွင် အစိုးရ တပ်နှင့် KIAတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ထို့ပြင် မကြာမီကတိုက်ပွဲဖြစ်ပွားခဲ့သော ကချင် ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်အတွင်း ယမန်နေ့ တနင်္ဂနွေနေ့က ပူတာအိုနှင့် ဆွမ်ပရာဘွမ်အကြားရှိ ဆွမ်ပီယန်ကျေးရွာတွင် အစိုးရ၏ တပ်မတစ်ခု ရောက်ရှိနေသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့်လက မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) နယ်မြေများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသည်ဟု KIOမှဦးဒွဲပီဆားက ပြောသည်။

လာမည့် အောက်တိုဘာလ ၈ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနှင့် KIO တို့ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည် ဖြစ်သည်။ ထိုဆွေးနွေးမှုမတိုင်ခင် မနက်ဖြန်တွင် ၂ ရက် နှင့် ၃ ရက်များတွင် အစိုးရ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် KIO နည်းပညာ အထောက်အကူပြု အဖွဲ့တို့ အကြိုညှိနှိုင်း ဆွေးနွေးကြမည်ဖြစ်သည်။

ဖနိဒါ - Mizzima - News in Burmese