Home » » ပျူမြို့ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ICOMOS စတင်စစ်ဆေး

ပျူမြို့ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ICOMOS စတင်စစ်ဆေး

Written By Unknown on Wednesday, October 16, 2013 | 9:05 AM

ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ရှေးဟောင်းမြို့သုံးမြို့ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်ပြထားရာ ယူနက်စကိုလက်အောက်ရှိ ICOMOS မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ICOMOS မှ လာရောက်စစ်ဆေးသူများသည် ပျူမြို့ဟောင်း သုံးမြို့ကို လှည့်လည်စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၂ ရက် က ပြည်မြို့၌ကျင်းပသော ပျူမြို့ ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး လှုံ့ဆော်ခြင်းအခမ်းအနားသို့ တက်ရောက်သည့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

““ ICOMOS အဖွဲ့တွေ အခုကတည်းက လာရောက်စစ်ဆေးနေကြပါပြီ။ ကျွန်တော်တို့မမြင်နိုင်တဲ့အဖွဲ့တွေလွှတ်ပြီး စစ်ဆေးနေတယ်။ သူတို့တွေက သုံးယောက်အဖွဲ့တို့၊ နှစ်ယောက်အဖွဲ့တို့လာပြီး စစ်ဆေးသွားတယ်။ မြို့သုံးမြို့စလုံးကို လှည့်ပြီး စစ်ဆေးနေတယ်။ တချို့နေရာတွေမှာ လျှို့ဝှက်အဖွဲ့တွေနဲ့စစ်တယ်။ တချို့အထဲမှာ ပညာရှင်တွေပါတယ်””ဟု ဒုညွှန်ချုပ်က ပြောသည်။

ပျူမြို့ဟောင်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေး စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိရာ ပျူရှေးဟောင်းမြို့ များရှိရာ ဒေသများတွင် နယ်ပယ်စုံပါဝင်သောရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့များဖွဲ့၍ ဒေသခံများ တန်ဖိုးထားစောင့်ရှောက်လာစေရန် စည်းရုံးခြင်း၊လှုံ့ဆော်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပျူမြို့ဟောင်းများ ကြီးကြပ် ညှိနှိုင်းရေးအဖွဲ့ (PYUCOM) က ပျူ မြို့ဟောင်းများကို ထိန်းသိမ်းရေး၊ သုတေသနလုပ်ငန်းများ၊ ပြတိုက်အဆင့်မြှင့်တင်ခြင်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးရှင်းလင်းခြင်းများ၊ လမ်းများဖောက်၍ လမ်းညွှန်ဆိုင်းဘုတ်များလုပ်ဆောင်ခြင်း၊ ခရီးသွားလေ့လာသူများအတွက် နားနေဆောင်များပြုလုပ်ပေးခြင်း အစရှိသောလုပ်ငန်းများကို ဆောင်ရွက်နေသည်။ ပျူရှေးဟောင်းမြို့များကို ယူနက်စကို လက်အောက်ရှိ ICOMOS က စတင်စစ်ဆေးလျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်ဆေးသွားမည်ဖြစ်သည်ဟုဆိုသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အသိအမှတ်ပြုသတ်မှတ်ခြင်းကို ၂၀၁၄  ဇွန်လတွင် အဖြေသိနိုင်ကြောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်သွားပါက ကုလသမဂ္ဂမှ နည်းပညာနှင့်အထောက်ပံ့များ ရရှိမည်ဖြစ်ကြောင်းသိရသည်။

““ကမ္ဘာ့ယဉ်ကျေးမှုအမွေနှစ်စာရင်းဝင်သွားရင် အဓိက ကတော့ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိသွားမယ်။ ကမ္ဘာက သိသွားရင် နိုင်ငံခြားဧည့်သည်တွေလာမယ်။ သူတို့က ဒေါ်လာသုံးတယ်။ အဲဒီတော့ နိုင်ငံခြားငွေတွေ ကျွန်တော်တို့ဒေသခံပြည်သူတွေထံ ၀င်လာမယ်။ နိုင်ငံနဲ့ဒေသခံပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ်။ ဒေသခံတွေဘက်ကလည်း ပျူယဉ်ကျေးမှုတွေကို ကမ္ဘာက ပိုမိုသိသွားအောင် ရှေးဟောင်းပစ္စည်းပုံစံတူလေးတွေ ပြုလုပ်ရောင်းချတာတို့၊ တီရှပ်တွေကိုရိုက်နှိပ်ရောင်းချတာတို့ ပြုလုပ်သင့်တယ်””ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

7Day Daily