ကျွန်တော်သည် နေပြည်တော်တွင် နေသူဖြစ်၍ ကားဖြင့် နေပြည်တော်မှ ရန်ကုန်၊ ရန်ကုန်မှ နေပြည်တော် သို့ အသွားအပြန် တိုင်းတွင် ဖြူးစခန်း ကားရပ် ရာတွင် (Feel) စားသောက်ဆိုင် တွင်သာ စားသောက်လေ့ ရှိပါသည်။ ခရီးသည် အများစုသည်လည်း ၎င်းဆိုင်တွင်ပင် ၀င်ရောက် စားသောက် ကြသည်။ အစားအသောက် ကောင်းလွန်း၍ မဟုတ်ပါ၊ သန့်စင်ခန်း အသုံးပြုရသည်မှာ အဆင်ပြေ ၍ ဖြစ်ပါသည်။
ပင်မဆိုင် အဆောက်အအုံ အတွင်း၌ တစ်ခါက ၀င်စားရာတွင် ထိုင်စရာနေရာ မရှိသဖြင့် လွတ်နေသည့် သီးခြား အခန်းကို ၀င်မည်ပြုရာ -““ဒါက ဗိုလ်မှူးကြီးနဲ့ အထက်သာ ၀င်ခွင့်ရှိတယ်””ဟု ဆိုင်ဝန်ထမ်းက ပြောသဖြင့် ကျွန်တော် ၀င်မထိုင်တော့ပါ။ နောက်လည်း ထိုအခန်းတွင် လူရှိရှိ၊ မရှိရှိ မ၀င်ခဲ့ပါ။ ကိုယ့် အဆင့်အတန်းကို ကိုယ်သိပါသည်။ (၂၀-၁၀-၂၀၁၃) ရက် တနင်္ဂနွေနေ့တွင် နေပြည်တော်မှ ရန်ကုန်သို့ သွားရာ နေ့လည် ၁၂း၀၀ အချိန်၊ ပူလှသဖြင့် (Feel) ဆိုင်ဘေး သန့်စင်ခန်း၊ သွားရာလမ်းရှိ အအေးခန်းသို့ (ခါတိုင်းလည်း ထိုအခန်း၌ပင် ၀င်စားလေ့ ရှိပါသည်။) ၀င်မည်ပြုရာ ထိုအခန်းဝတွင် အင်္ဂလိပ်လို Reserved (သီးသန့်ထားသော နေရာ) ဟူသော စာချိတ်ဆွဲ ထားပါသည်။ ၀န်ထမ်း အမျိုးသားလေးက ၀င်၍မရဟု ပြောပါသည်။ တစ်ဖက်မှာ ရှိသော အခန်းကိုလည်း မှန်တံခါး ပိတ်ထားပြီး ထိုကဲ့သို့ပင် စာချိတ်ဆွဲ ထားပါသည်။ ထိုအခန်းသည် V.I.P (အရေးကြီး ပုဂ္ဂိုလ်များအတွက်သာ ဖြစ်သည်) ဟု သိသဖြင့် ခါတိုင်းလည်း ၀င်လေ့မရှိပါ။ …
အပြင်တွင်လည်း အလွန်ပူပြင်းသည့် အချိန်ဖြစ်၍ နီးစပ်ရာ စားပွဲလွတ်တွင်သာ ၀င်ထိုင် လိုက်ရပါသည်။ ကျွန်တော်တို့ နှင့်အတူ ၀န်ကြီးဌာနတစ်ခုမှ ဒုဝန်ကြီး တစ်ဦးလည်း ပါလာပါသည်။ ကျွန်တော်က ထိုဒုဝန်ကြီးကို အလွန် အားနာသွားသည်။ ဒုဝန်ကြီးကလည်း ပြောဆိုနေပုံကို ကြားနေရ၍ စိတ်ဆိုးပုံရပါသည်။
““မင်းတို့ မန်နေဂျာကို သွားခေါ်စမ်း””ဟု ကျွန်တော် ပြောလိုက်ရာ၊ ကတုံးဆံတောက်နှင့် တရုတ်ဟု ထင်ရသူ တစ်ယောက်အား ခေါ်လာပါသည်။ မန်နေဂျာ ဟုတ်ဟန် မတူပါ။ ထိုကဲ့သို့ အခန်းများကို အဘယ်ကြောင့် လုပ်ထားရသနည်းဟု ပြောရာ-
““ဖောက်သည်တစ်ဦးက တယ်လီဖုန်းဖြင့် ဆက်ထားလို့ လုပ်ထားတာပါ””ဟုပြောသည်။ ကျွန်တော်က -““အခန်းကြီး နှစ်ခန်းလုံး ဘွတ်ကင် လုပ်ထားရအောင် ဖောက်သည် ဒီလောက်များလား””ဟု မေးလိုက်ရာ ထိုသူက နိုင်ငံခြားသားများ ပါ၍ဟု ဖြေပါသည်။ သူ့အဖြေက ပို၍ပင် ဆိုးပါသည်။ နိုင်ငံခြားသား များကိုသာ ဦးစားပေးရမည်လော။ ကျွန်တော်တို့ကဲ့သို့ ဖောက်သည်များကို ဦးစားမပေးရပြီလော၊ ယခုကဲ့သို့ အများသူငါ စားသုံးနေသည့် ဆိုင်တွင် သီးသန့်ထားသော နေရာဟု ကြိုတင် တယ်လီဖုန်း ဆက်ထားတိုင်း ဤသို့ ခွဲခြားမသင့်ပါ။ စားသုံးသူ ဖောက်သည်တိုင်းတွင် ညီမျှသော အခွင့်အရေး တန်းတူရှိပါသည်။
ကျွန်တော်က -““ဒီလို ပြောစတမ်းဆိုရင် ဒါ …. ဒုဝန်ကြီးပဲ””ဟု ကျွန်တော်တို့နှင့် ပါလာသော ဒုဝန်ကြီးကို လက်ညှိုးထိုး၍ ပြလိုက်ပါသည်။ ဤသို့ဆိုသည်နှင့် အပေါ်ထပ်တွင် သီးခြားအခန်း လုပ်ပေးပါမည်ဟု ပြောပါတော့သည်။ ဒုဝန်ကြီးလည်း စိတ်ပျက်သည့်ပုံနှင့် ကျွန်တော်တို့ကို ဘာမျှမပြောရန် တားမြစ်ပြီး ထပြန် လာ ကြတော့ သည်။
ဝန်ထမ်းတစ်ဦး၏ ပြောဆိုချက်အရ ထိုအခန်းများကို “သီးသန့်” ဟု လုပ်ထားသည်မှာ ရန်ကုန် (Feel) စားသောက်ဆိုင်မှ လူများ နေပြည်တော် သွားမည်ဖြစ်၍ ယခုကဲ့သို့ လုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ဤသို့ဆိုလျှင် ပို၍ပင် ဆိုးပါသည်။ (Feel) ၀န်ထမ်း ဆိုသူများသည် အိမ်ရှင်ဖြစ်၍ ဧည့်သည် စားသုံးသူ ဖောက်သည်များကို ပို၍ ဦးစားပေးရမည် မဟုတ်ပါလော။
(Feel) ဆိုင်မှ လုပ်ပုံသည် စားသုံးသူ ဖောက်သည်များကို အဆင့်အတန်း ခွဲခြား လွန်းနေသည်။ ဗိုလ်မှူးကြီး နှင့်အထက် ဆိုသည့် လူတန်းစားက တစ်မျိုး၊ V.I.P ဆိုသည့် လူတန်းစားက တစ်မျိုး၊ နိုင်ငံခြားသား ဆိုသည့် လူတန်းစားကတစ်မျိုး၊ သူတို့ (Feel) စားသောက်ဆိုင် ၀န်ထမ်း အချင်းချင်းက တစ်မျိုး၊ ကျွန်တော်တို့ စားနေကျ ဖောက်သည် လူတန်းစားက တစ်မျိုးဟူ၍ အဆင့်အတန်း ခွဲထားပါသည်။ ယခုကဲ့သို့ ခေတ်ကြီးတွင် ထိုကဲ့သို့ မဖြစ်သင့်တော့ပါ။ ကျွန်တော် သည် နောက်ထို ဆိုင်တွင် မည်သည့်အခါမျှ မစားတော့ဟု ဆုံးဖြတ်လိုက်ပါသည်။
ကိုညို (နေပြည်တော်)