Home » » မန္တလေးတွင် လိင်တူချစ်သူများမှ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်း၊ ပြည်သူ့ရဲ၊ တပ်မတော်သားများနှင့် ဘောလုံးချိန်းပွဲများ တနင်္ဂနွေနေ့တိုင်းပြုလုပ်လျှက်ရှိ

မန္တလေးတွင် လိင်တူချစ်သူများမှ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံးအသင်းဖွဲ့စည်း၊ ပြည်သူ့ရဲ၊ တပ်မတော်သားများနှင့် ဘောလုံးချိန်းပွဲများ တနင်္ဂနွေနေ့တိုင်းပြုလုပ်လျှက်ရှိ

Written By Unknown on Tuesday, October 1, 2013 | 8:12 PM

မန္တလေးရှိ အမျိုးသားလိင်တူချစ်သူ(မိန်းမလျာ)အချို့စုပေါင်းကာ နတ်သမီးလေးများFCအမည်ဖြင့် ဘောလုံး အသင်း တစ်သင်းဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ ထိုအသင်းသည် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မန္တလေးတောင်ခြေ၊ စန္ဒာမုနိဘုရား နှင့် ကုသိုလ်တော်ဘုရားကြားရှိ ကစားကွင်းတွင် ဘောလုံးကစားလျှက်ရှိရာ ကြည့်ရှုအားပေးသူများဖြင့် စည်ကားနေကြောင်း သိရ၏။ စက်တင်ဘာလ(၂၂)ရက်နေ့တွင် အသင်းဖွဲ့စည်းခဲ့ပြီး ထိုနေ့မှာပင် ကစားခဲ့ရာ ကစားကွင်း အနီးရှိ ရဲကင်းမှ ရဲတပ်သားများ၊ ခမရ(၉၅)တပ်မှ သင်တန်းတက်ရောက်နေသော သင်တန်းသားတပ်မတော်သားများပါ စိတ်ဝင်စားကာ ၀င်ရောက်ယှဉ်ပြိုင်ကစား ခဲ့ကြောင်းသိရသည်။ စက်တင်ဘာ(၂၉)ရက်တွင်လည်း အုတ်စက်ရပ်ကွက် အတွင်းရှိ လူငယ်လေးများနှင့် အပြန်အလှန်ကစားခဲ့ ကြသည်။
“ကျွန်တော်တို့ကို မိန်းမလျာဆိုပြီး အထင်အမြင်သေးချင်တဲ့လူတွေကို ကျွန်တော်တို့ ဂေးတွေမှာလည်း အများနည်းတူ စွမ်းဆောင်ရည်ရှိပါတယ်ဆိုတာ သိစေချင်လို့ ဒီအသင်းကိုဖွဲ့စည်းလိုက်တာပါ၊ စိတ်သဘောထား နုနယ်ပျော့ပျောင်းပြီး အလှအပ မက်မောလို့ ဂေးဖြစ်နေကြပေမယ့် အားကစားစိတ်ဓာတ်အပြည့်ရှိပါတယ်၊ တခြားနေရာ တွေမှာလည်း ဂေးတွေဟာ သာမန်လူ တွေလို စွမ်းဆောင်နိုင်တယ်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တယ်ဆိုတာ သိစေချင်တယ်၊ ကျွန်တော်တို့ရဲ့ အားကစားအရည် အချင်း ဘယ်လိုရှိတယ်ဆိုတာ သိချင်ရင် လာပြီး လေ့လာနိုင်ပါ တယ်”ဟု နတ်သမီးလေးများအက်ဖ်စီအသင်းကို ကမကထပြုသူ တစ်ဦးဖြစ်သည့် ၀င်းဝင်းမှ ပြောကြားသည်။

နတ်သမီးလေးများFCအသင်းသည် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အဆိုပါကစားကွင်းတွင် ဘောလုံးကစားသွား မည်ဖြစ်ပြီး နတ်သမီးလေးများFCနှင့် ယှဉ်ပြိုင်ကစားလိုသည့် ဘောလုံးအသင်းများ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
“ခုဆို ကမ္ဘာ့အားကစားပွဲတွေမှာ အမျိုးသမီးဘောလုံးပွဲတွေကို ထည့်သွင်းကျင်းပနေပါပြီ၊ နောင်တစ်ချိန်မှာ ဂေးတွေ ကန်တဲ့ ဘောလုံးပွဲတွေလည်း အားကစားပွဲတွေမှာ ၀င်ဆန့်လာဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ မန္တလေးက ဂေးတွေ ဖွဲ့စည်း လိုက်တဲ့ ဘောလုံးအသင်းက စလို့ နောင်ဖြစ်ပေါ်လာမယ့် ဂေးဘောလုံးအသင်းတွေဟာ တစ်ချိန်မှာ ဆီးဂိမ်းတို့၊ ကမ္ဘာအိုလံပစ် ပွဲတွေအထိ တက်လှမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်”ဟု အသင်း ခေါင်းဆောင် ၀င်းဝင်းက ဆက်လက်ပြော ကြားသည်။ မိန်းမလျာများဘောလုံးပွဲကို ဘုရားဖူးလာဧည့်သည်များ၊ ကမ္ဘာ့ လှည့်ခရီးသွား နိုင်ငံခြားသားများကပါ ကြည့်ရှုအား ပေးကြကြောင်းသိရသည်။

ကြည့်ရှုအားပေးလိုသူများသည် တနင်္ဂနွေနေ့တိုင်း နေ့လည်(၂)နာရီတွင်ကျင်းပမည့် ဂေးဘောလုံးပွဲ အား စန္ဒမုနိဘုရားနှင့် ကုသိုလ်တော်ဘုရားကြား ကစားကွင်းတွင် လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းပေးပို့သူ- ကိုကြီးသူရ
by Myanmar News Now