Home » » ကမ္ဘာ့ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ

ကမ္ဘာ့ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ

Written By Unknown on Tuesday, October 1, 2013 | 4:07 PM

ရန်ကုန်မြို့က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၁ ရက်ကစပြီး ၂ ရက်ကြာ ကျင်းပ ပြုလုပ်နေပါတယ်။

ဒီပွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့က Institute of GlobalEngagement (အိုင်ဂျီအီး) နဲ့ သီတဂူကမ္ဘာ့တက္ကသိုလ် (ရန်ကုန်) တို့က ပူးပေါင်းကျင်းပကြတာဖြစ်ပြီး ဘာသာကြီး ၅ ခုက ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာက ဘာသာရေးဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ ဒီလို ဘာသာပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲဟာ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံငြိမ်းချမ်းစွာ အတူနေထိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝင် ၈၉ ဒဿမ ၃၇ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် ၅ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် ၃ ဒဿမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင် ၀ ဒဿမ ၅၁ ရာခိုင်နှုန်း၊ တခြားနဲ့ နတ်ဘာသာကိုးကွယ်သူ ၁ ဒဿမ ၃၂ ရာခိုင်နှုန်းရှိတယ်လို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ဒီပွဲမှာ ပြောသွားပါတယ်။

ပထမနေ့မှာ ဘာသာရေးနဲ့ လုံခြုံရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ဒုတိယနေ့မှာတော့ တိုင်းရင်းသားမျိုးစုံ ယုံကြည်မှုမျိုးစုံအတူတကွ ယှဉ်တွဲနေထိုင်ရေးနဲ့ ပညာရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

 by ဒီဗွီဘီ