Home » » ပုဒ်မ ၁၈ နဲ့ ထိန်းသိမ်းခံထားရသူတွေ လွှတ်ပေးရေး ဆွေးနွေး

ပုဒ်မ ၁၈ နဲ့ ထိန်းသိမ်းခံထားရသူတွေ လွှတ်ပေးရေး ဆွေးနွေး

Written By Unknown on Sunday, October 13, 2013 | 8:01 AM

တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှာ ထည့်သွင်းစဉ်းစားပြီး ဒီဇင်ဘာလမကုန်ခင် တခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ အားလုံးပြန်လွှတ်ပေးနိုင်ဖို့အတွက် ဒီနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ တင်ပြချက်ကို ဆွေးနွေးခဲ့ကြတာပါ။

အဲဒီပုဒ်မ ၁၈ နဲ့ အဖမ်းခံထားသူတွေကိုပါ ထည့်တွက်လိုက်ရင် မြန်မာနိုင်ငံမှာ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၃၅ ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးရဲအောင်က ပြောပါတယ်။

“၁၃၃ ဦးရှိတယ်လို့ ကျနော်တို့ သတ်မှတ်ထားပါတယ်၊ အဲဒီထဲက ၂၁ ဦးက အချက်မပြည့်စုံတဲ့ဟာတွေရှိပါတယ်၊ ၁၃၃ ဦးမှာ ကျနော်တို့ကြားတာ ၁ ဦး၊ ၂ ဦး ထပ်တိုးလာတာရှိပါတယ်၊ အဓိကရခိုင်မှာ ၂ ဦးပေါ့ဗျာ၊ ပုဒ်မ ၁၈ နဲ့ထောင်ကျတာ၊ အဲဒီလူတွေပါထည့်ရင် ၁၃၅ ဦးပေါ့၊ ဒါကျနော်တို့ စာရင်းအရပြောတာပါ၊ ဒါကြီးကိုကော်မတီက သဘောတူထားတဲ့စာရင်း မဟုတ်ပါဘူး၊ ကျနော်တို့ဘက်က ၁၃၅ ဦးစာရင်းကို တင်ပြဆွေးနွေးနေတာပါ”

လက်ကျန်ုနိင်ငံရေး အကျဉ်းသားအားလုံးကို ဒီဇင်ဘာလမတိုင်ခင် လွှတ်ပေးနိုင်ဖို့အတွက် ဒီနေ့အစည်းအဝေး ကျင်းပခဲ့တာဖြစ်တယ်လို့ အဲဒီအစည်းအဝေး တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ ဒီဇင်ဘာမှာ နိုင်ငံရေးအကျဉ်းသား မကျန်ရအောင် ဘယ်လိုဆောင်ရွက်ကြမလဲ၊ အဲဒါလေးကိုညှိတာ၊ မကျန်အောင်ကို ကျနော်တို့ကြိုးစားလုပ်မှာ"

သမ္မတ ဦးသိန်းစိန်က အခုနှစ်မကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်လို့ ကြေညာထားပါတယ်။

RFA Burmese