Home » » အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ

အငှားယာဉ်ပေါ် လုယက်သူ လေးဦး နာရီပိုင်းအတွင်း ဖမ်းမိ

Written By Unknown on Friday, October 4, 2013 | 8:02 PM

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁) လမ်းတွင် အောက်တိုဘာလ ၃ ရက် နံနက် ၃ နာရီ ၃၀ မိနစ်က တိုယိုတာ အငှားယာဉ်မောင်းထံမှ ငွေများ လုယက်ကာ ထွက်ပြေး ခဲ့သည့် လူငယ်လေးဦးကို ယင်းနေ့ နံနက် ၄ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ လုယက်ခံရသူ အငှားယာဉ်မောင်းသည် တောင်ဥက္ကလာပမြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးအောင်ဇော်ဦး ဖြစ်ပြီး ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သို့ မောင်းနှင်လာစဉ် ဘီအိုစီ မှတ်တိုင်အနီး၌ လူငယ်လေးဦးက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းသို့ ငှားရမ်းခဲ့ပြီး နတ်မောက်လမ်းသွယ် (၁) လမ်းသို့ ပို့ဆောင်ခိုင်းရာမှ ယင်းလမ်းအရောက်တွင် ကားနောက်ခန်းတွင် ထိုင်နေသူ လူငယ်သုံးဦးက ယာဉ်မောင်း ဖြစ်သူ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ စကေဘာဖြင့် လည်ပင်းကို ထောက်ပြီး၊ အော်ရင် သတ်ပစ်မယ်ဟုပြောကာ၊ ရှေ့ခန်းတွင် ထိုင်နေသူက ယာဉ်မောင်း၏ အင်္ကျီအိတ်ကပ် အတွင်းမှ ငွေကျပ်နှစ်သောင်း ကျပ်ကိုလုယူကာ ထွက်ပြေးခဲ့ကြောင်း လုယက်ခံရသူ တစ်ဦး၏ တိုင်ကြားချက်အရ သိရှိရသည်။

အဆိုပါ လုယက်ခံရမှု သတင်းရရှိသောကြောင့် နယ်ထိန်းအဖွဲ့ တာဝန်မှူး အဖွဲ့တို့က လမ်းများကို ပိတ်ဆို့ရှာဖွေခဲ့ရာ ဗဟန်းမြို့နယ် ကန်တော်ကြီး ပတ်လမ်းနှင့် ဖိုးစိန်လမ်းထောင့်တွင် အဆိုပါလူငယ် လေးဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါလူငယ် လေးဦးမှာ အသက် ၁၇ နှစ်မှ ၂၀ ခန့်ရှိသော လူငယ်များဖြစ်ကာ ဒဂုံမြို့သစ် (မြောက် ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦး၊ တာမွေမြို့နယ်တွင် နေထိုင်သူနှစ်ဦးနှင့် ဝါးခယ်မမြို့နယ်တွင် နေထိုင်သူတစ်ဦးတို့ ဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

“ညဘက်ဆို တက္ကစီငှားကြေး ပိုရတယ် ဆိုပေမယ့် အခုခေတ်လူငယ် အများစုက ညဘက်ဆို မူးရူးနေကြတော့ ငှားတဲ့လူရဲ့ ပုံသဏ္ဌာန်ကို အရင်ကြည့်ပြီးမှ လိုက်ရဲတာ။ ပိုက်ဆံရတိုင်းသာ လိုက်မယ်ဆိုရင် အငှားယာဉ်မောင်းတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ရန်ကုန်မြို့အတွင်း အငှားယာဉ်မောင်း သက်တမ်းခုနစ်နှစ်ခန့်ရှိသူ ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာနေ ဦးကျော်ကြီးက ပြောဆိုသည်။

အဆိုပါ လုယက်သူများဖြစ်သော ကိုမင်းသက်ငြိမ်း၊ မိုးထက်ဟိန်း၊ ဟိန်းထက်အောင်၊ ကျော်ရဲအောင်တို့ကို (ပ) ၃၈၆/၁၃၊ ပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက် ည ၁၀ နာရီခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်းလမ်းရှိ (၅) ထိပ်မှတ် တိုင်အနီးတွင် ပရိုဘောက် (စ်) အငှားယာဉ် လမ်းဘေးမြောင်းထဲ ထိုးကျရာမှ ယာဉ်လုယက်ခဲ့သူ အမျိုးသားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly