Home » » မြောက်ဦး ပုဒ်မ ၁၄၄ ရုတ်သိမ်း

မြောက်ဦး ပုဒ်မ ၁၄၄ ရုတ်သိမ်း

Written By Unknown on Tuesday, October 29, 2013 | 1:11 PM

အခြေအနေ တည်ငြိမ် အေးချမ်းလာပြီဖြစ်သဖြင့် ရခိုင်ရှေးဟောင်း မင်းနေမြို့တော် တစ်ခု ဖြစ်ခဲ့သော မြောက်ဦးတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

“ ဒီလ ၂၃ ရက်နေ့က ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်” ဟု RNDP မြို့နယ် အဆင့် တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ယခုကဲ့သို့ ညမထွက်ရ အမိန့်ကို ရုတ်သိမ်းလိုက်သဖြင့် ၀မ်းသာကြောင်း၊ ယခင်ဈေးဝယ် ဈေးရောင်းရာတွင် ညမထွက်ရ အမိန့်ကြောင့် ထိခိုက်နစ်နာမူ ရှိခဲ့ကြောင်း၊ အထူးသဖြင့် နယ်ကျေးလက်တောရွာများမှ မြောက်ဦးမြို့ပေါ်သို့ လာရောက်ပြီး  တစ်ပိုင်တစ်နိုင် ခြံထွက် ပစ္စည်းများ ရောင်းချသူများကို ထိခိုက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကိုရုတ်သိမ်းလိုက်သဖြင့် စီးပွားရေး အခြေအနေများ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ပြောဆိုသည်။

“ ပုဒ်မ ၁၄၄ ကြောင့် ထိခိုက်နစ်နာမူတွေတော့ အနည်းအများ ရှိခဲ့ပါတယ်။ အခုတော့ နိုင်ငံခြားသားတွေလည်း စတင် ၀င်ရောက်လာတာကို တွေ့ရပါတယ်။ အခြေအနေတွေ တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

မြောက်ဦးမြို့ပေါ် အပါအ၀င် နယ်ကျေးလက်ဒေသများတွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ အရေးအခင်းအတွင်း ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ၎င်းအမိန့်နှင့် အတူ နိုင်ငံခြားသားများ မြောက်ဦးသို့ လာရောက် လည်ပတ်ခွင့်ကို သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့သည်။ သို့အတွက် ရခိုင်ခရီးသွားလုပ်ငန်းကို အဓိက ထိခိုက်ခဲ့သည်ဟု သိရသည်။

အလားတူ သံတွဲမြို့နယ်တွင်လည်း မတည်ငြိမ်မူများ ပေါ်ပေါက်ခဲ့သဖြင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့မှ စတင် ထုတ်ပြန်ခဲ့သည်။ တပတ်အကြာတွင် ငပလီ ပင်လယ်ကမ်းခြေတွင် ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

(နိရဉ္စရာ- ၂၉ အောက်တိုဘာ ၂၀၁၃)