ဆင်းရဲမွဲတေမှု ပပျောက်ရေးကို သမ္မတဦးသိန်းစိန် လွန်ခဲ့သော ၂ နှစ်ကျော်က စပြောစဉ်က အတော်အံ့သြ သွားမိသည်။ နိုင်ငံဆင်းရဲကြောင်း အကြီးအကဲတစ်ဦး နှုတ်မှ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံး လူသိရှင်ကြား ကြားလိုက်ရခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ပြောင်းပြီဟုလည်း သဘောပေါက်လိုက် မိသည်။
လူဦးရေ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းသည် ဆင်းရဲသဖြင့် လူလေးယောက်လျှင် တစ်ယောက်နှုန်း ဆင်းရဲခြင်း ဖြစ်သည်။ ၂၀၁၅ အရောက်တွင် ဆင်းရဲမွဲတေမှုကို ၁၆ ရာခိုင်နှုန်း (လူခြောက်ဦးလျှင် တစ်ဦးနှုန်း) အထိ လျော့သွားအောင် ဆောင်ရွက်မည်ဟု ရည်မှန်းချက် ချထားသည်။ ထိုသို့သာ ဆောင်ရွက်နိုင်မည် ဆိုလျှင် ကမ္ဘာပေါ်တွင် အမြန်ဆုံး ဆင်းရဲမှုပပျောက်ရေး စီမံချက်ကြီး တစ်ရပ် ဖြစ်လာလိမ့်မည်။ ထိုရည်မှန်းချက်မှာမူ မြင့်လွန်းသဖြင့် ပြောင်းလဲစ ခါးမသန်သည့် မြန်မာနိုင်ငံ ဆင်းရဲခြင်းတောင်ကို ထိုအဆင့်ထိ ဖြိုမှ ဖြိုနိုင်ပါမည်လားဟု စိတ်က ထင့်သွားမိသည်။
ဆင်းရဲမွဲတေမှုကို တိုက်ရာတွင် မူဝါဒအားဖြင့် အဓိကနှစ်မျိုးသာ ရှိသည်။ ပထမ တစ်မျိုးမှာ တစ်တိုင်းပြည်လုံး စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဆင်းရဲသူများလည်း ကျွဲကူးရေပါ တိုးတက်လာပြီး ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်မည်။ ဒုတိယတစ်မျိုးက ဆင်းရဲသားများကို အဓိက အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများ (Pro-poor Policies) ချမှတ် ဆောင်ရွက်ခြင်း။ မြန်မာနိုင်ငံအတွက်မှာမူ စီးပွားရေး တိုးတက်အောင်လည်းလုပ်၊ ဆင်းရဲသားကို အဓိက ပစ်မှတ်ထားပြီးလည်း ဆောင်ရွက်နေသည်ဟု သဘောပေါက်သည်။
ယခုလောလောဆယ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးသည် ကျေးလက်ကို အဓိက ပစ်မှတ်ထားသည်။ မြန်မာ့ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေကြသဖြင့် ဆင်းရဲသားတို့သည်လည်း ကျေးလက်တွင် အများဆုံးရှိသည်။ ထို့ကြောင့် ကျေးလက်ကို အာရုံစိုက်သည်မှာ လျော်ကန် သင့်မြတ်သော ဗျူဟာ ဖြစ်သည်။
ကျေးလက်ကို ပစ်မှတ်ထားသည့်အခါ ကျေးလက်၏ အဓိကစီးပွားရေး ဖြစ်သည့် လယ်ယာကို တိုးတက်ရန် စီမံချက်ချသည်။ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ တိုးတက်လာလျှင် နိုင်ငံ့စီးပွား တက်လာမည် ဖြစ်သော်လည်း စက်မှုလယ်ယာ နည်းစနစ်များလည်း ပါဝင်လာမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံသား အများအပြားကို အလုပ်အကိုင် ပေးထားရာ လယ်ယာကဏ္ဍမှ အထွက်တိုးအောင် ဆောင်ရွက်လိုက်လျှင် အလုပ်လက်မဲ့ များလာနိုင် သည်ကိုလည်း တွက်ရမည်။ ယခင်က လယ်ဧက ခြောက်ရာကို လူ ၁၀၀ လုပ်ရာမှ စက်မှုလယ်ယာ ဖြစ်လာပြီး လူခြောက်ယောက်နှင့် လုပ်နိုင်လျှင် လူ ၉၄ ယောက် အခြားတွင် အလုပ် သွားရှာရမည်။ ထို့ကြောင့် လယ်ယာတော်လှန်ရေး Green Revolution အောင်မြင်တိုင်း ကျေးလက်တွင် အလုပ်အကိုင် တိုးလာမည် မဟုတ်သည်ကို သတိပြုရမည်။ လျော့သွားနိုင်သော အလုပ်အကိုင်များကို မည်သည့်နေရာမှ ထပ်မံ ရနိုင်မည်ကိုလည်း စဉ်းစားထားရန် လိုသည်။ အလုပ်အကိုင်သည် မြေ၊ အမွေ စသည့် လက်ဆုပ်လက်ကိုင် မရှိသည့် ဆင်းရဲသူ ဆင်းရဲသားတို့အတွက် ဝင်ငွေ ရရာ၊ စားဝတ်နေရေး ဖြည့်ဆည်းရာ အဓိကရင်းမြစ် ဖြစ်သဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် အလုပ်အကိုင် သဘောတရားကို အမြဲထည့်စဉ်းစား ရမည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် အလုပ်အကိုင်များများ ဖန်တီးနိုင်သော လုပ်ငန်းများသည် ဆင်းရဲမွဲတေမှု လျှော့ချရာတွင် အားကိုးရမည်။ အထည်ချုပ်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အပါအဝင် လုပ်သားများများ သုံးရသည့် လုပ်ငန်းများသည် မြန်မာတို့နှင့် ကိုက်မည့်၊ အလုပ်အကိုင်လည်း ရမည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။ ယခု ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုများသည် အလုပ်အကိုင်များများ ပေးနိုင်သည့် လုပ်ငန်းများဘက်ဆီသို့ ဦးလှည့်လာခြင်းမှာ ဝမ်းသာစရာ ဖြစ်သည်။
ချမ်းသာခြင်းသည် အခွင့်အလမ်း များပြားခြင်း ဖြစ်ပြီး ဆင်းရဲခြင်းသည် အခွင့်အလမ်း နည်းပါးခြင်းဟု အဓိပ္ပာယ် ဖွင့်ကြသည်။ ဆင်းရဲမွဲတေမှု လျှော့ချလိုလျှင် ဆင်းရဲသူ ဆင်းရဲသားများအတွက် အခွင့်အလမ်းများ တိုးလာအောင် ဆောင်ရွက်ရန် လိုသည်။ ပညာ သင်ပေးခြင်းသည် အခွင့်အလမ်းများ များပြားစေသည့် ထိရောက်သော ကိရိယာ ဖြစ်သည်။ ပညာ တတ်လာလျှင် အခွင့်အလမ်းကိုလည်း ရှာတတ်လာသည်၊ အခွင့်အလမ်းကို မြင်တတ်သည်။ အခွင့် အလမ်းတို့ ပေးမည့်သူကို စကားပြောဆို ညှိနှိုင်းတတ်လာမည်။ ပညာ သင်ပေးခြင်းသည် ဆင်းရဲမွဲတေခြင်းကို လျှော့ချပေးသည့် လက်နက်ကောင်း ဖြစ်သဖြင့် ပညာရေးကို အရှိန်မြှင့်တင် ဆောင်ရွက်သင့်သည်။
ပညာသင်ပေးသည် ဆိုရာတွင် ဆင်းရဲမွဲတေခြင်းကို ပစ်မှတ်ထားလျှင် အလုပ်အကိုင် ရစေမည့် အသက်မွေးပညာ သင်ပေးခြင်းမျိုးကို အာရုံစိုက် မြှင့်တင်သင့်သည်။ တက္ကသိုလ်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များအတွက် မဟုတ်ဘဲ ဘွဲ့မရလျှင်လည်း လုပ်စားကိုင်စားနိုင်သည့် Technical and Vocational Training စက်မှုလက်မှုနှင့် အသက်မွေးပညာ သင်တန်းမျိုးသည် လုပ်ငန်းခွင်သို့ တန်းဝင် နိုင်စေမည်။ လက်ရှိ အလုပ်ဝင်နေသူလည်း သင်တန်းတက်ပြီး အရည်အချင်း တက်လာလျှင် လခ ပိုကောင်းလာနိုင်သည်။ မူလတန်း ပညာရေးကို အားလုံးသင်နိုင်အောင် တွန်းအားပေး၊ ဖြည့်ဆည်းပေးနိုင်လျှင် စဉ်းစားတတ်၊ ချင့်ချိန် တတ်သွားနိုင်သည်။
ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ရာတွင် ကျန်းမာရေးနှင့် ကျန်းမာရေး အသိတို့သည်လည်း အရေးကြီးသည်။ ဆင်းရဲသူများသည် တစ်နေ့လုပ်မှ တစ်နေ့စား ကြိုးတန်း လျှောက်နေကြရရာ မိသားစုဝင်တစ်ဦး မကျန်းမာလျှင် ဝန်ပိလျှင်ပိ၊ သို့မဟုတ် အသေခံရသည်အထိ ဖြစ်ပြီး မိသားစုလည်း ပြိုလဲနိုင်သည်။ ကလေး များလွန်းလျှင် မည်သည့် ကလေးကိုမျှ ဝအောင်မကျွေး၊ ပညာ သင်ပေးနိုင်မည် မဟုတ်။ ဆင်းရဲတွင်း နက်သည်ထက် နက်မည် ဖြစ်သောကြောင့် သားဆက်ခြားသည့် အသိရှိရန် လိုသည်။ ကျန်းမာရေး ပညာပေးခြင်းများ၊ အစားအသောက်များ လုံခြုံစိတ်ချအောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန် လိုသည်။
ဆင်းရဲသားတို့၏ ကိုယ်ပိုင် စီးပွားရေးဖြစ်သည့် ခေါင်းရွက်ဗျပ်ထိုး တစ်နိုင်တစ်ပိုင် စီးပွားရေးတို့ကို မြှင့်တင်ခြင်းသည် ဆင်းရဲမွဲတေမှုကို လျှော့ချသည့် နည်းဗျူဟာကောင်း ဖြစ်သည်။ ဆင်းရဲသား ဖြစ်သည့်အတွက် လုပ်ငန်း လုပ်ရန်၊ လုပ်ငန်း တိုးချဲ့ရန် ငွေအရင်းအနှီး ချို့တဲ့တတ်သည်။ ကိုယ်တိုင်လည်း ငွေမရှိ၊ ဘဏ်မှ ချေးရန်လည်း အပေါင်ပစ္စည်း မရှိသည့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်လိုသူ ဆင်းရဲသားတို့အဖို့ ငွေရင်း ရရန်မလွယ်။ ငွေရင်း မရလျှင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းကို ချဲ့ရန် ဝေးစွ၊ စပင် စတင်နိုင်မည် မဟုတ်။ ဆင်းရဲသားတို့အတွက် အပေါင်ပစ္စည်း ပေးရန် မလိုသည့် Micro-finance အသေးစား ချေးငွေသည် ကိရိယာကောင်း ဖြစ်ပြီး နိုင်ငံအများအပြားရှိ ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်များတွင် ထိထိရောက်ရောက် အသုံးချ နေကြသည်။ မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်းများ စတင်နေကြပြီး နောင်တွင် အရှိန်ရလာသည်နှင့်အမျှ ဆင်းရဲသား လုပ်ငန်းရှင်တို့ အကျိုးခံစားရဖွယ် ရှိသည်။
ဆင်းရဲသားများတွင် တောနေ ဆင်းရဲသားများတွင် သာမက မြို့နေ ဆင်းရဲသားများလည်း အကျုံးဝင်သည်။ ဆင်းရဲသည်ချင်း တူသော်လည်း ဆင်းရဲပုံချင်း မတူသည့်အတွက် မြို့နေ ဆင်းရဲသားတို့ကို တိုးတက်အောင် ဆောင်ရွက်ရာတွင် နည်းဗျူဟာချင်း မတူကြပါ။ သို့သော် တောဆင်းရဲသား နှင့် မြို့ဆင်းရဲသားတို့သည် တိုက်ရိုက် ဆက်စပ်နေသဖြင့် မူဝါဒ ချမှတ်ရာတွင် တွဲပြီးစဉ်းစားမှ ဖြစ်မည်။ တောနယ်တွင် အလုပ်အကိုင်နှင့် အခြားအခွင့်အလမ်းများ နည်းပါးသဖြင့် မြို့တက်သူ တောဆင်းရဲသားများ များပြားလာမည်။ မြို့တက် အခွင့်အလမ်း ရှာသော်လည်း လူသာများပြီး အခွင့်အလမ်း မတွေ့လျှင် တောဆင်းရဲသားများသည် ချက်ချင်းဘဝပြောင်းပြီး မြို့ဆင်းရဲသားများ ဖြစ်လာကြမည်။
အမျိုးသမီးများကို ထိထိရောက်ရောက် သုံးနိုင်လျှင် ဆင်းရဲမွဲတေမှု လျှော့ချရေးတွင် အားကိုးရမည့် သူများဖြစ်သည်။ အိမ်ထောင်စု အများအပြားတွင် ခင်ပွန်းက အားမကိုးရသောကြောင့် လည်းကောင်း၊ ခင်ပွန်း ဆုံးပါးသွားသောကြောင့် လည်းကောင်း အမျိုးသမီးများသည် အိမ်ထောင်ကို ဦးဆောင် ကြရသည်။ အမျိုးသမီးများ ဝင်ငွေရှာနိုင်လျှင် ကလေးငယ်များ အပါအဝင် မိသားစုတစ်ခုလုံး စားဝတ်နေရေး အဆင်ပြေမည်။ အမျိုးသမီးများ ပညာ ပိုတတ်လျှင်၊ ပိုစဉ်းစားတတ်လျှင် ကလေးငယ်များကို ပျိုးထောင်နိုင်စွမ်း ပိုလာသည်။ ထို့ကြောင့် အမျိုးသမီးများ လုပ်နိုင်ကိုင်နိုင် စဉ်းစားနိုင်စွမ်း တက်လာအောင် အားပေးခြင်းဖြင့် ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် လျှော့ချ နိုင်ပေလိမ့်မည်။
ဆင်းရဲသူ ဆင်းရဲသားတို့ ဘဝ တိုးတက်လာလျှင် သာယာအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်ကို ရမည်ဖြစ်သည်။
ဇေယျသူ
The Voice Weekly