Home » » တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေများ တစ်နှစ်အတွင်း ဆယ်ဆခန့်ဈေးမြင့်

တရုတ်ဝယ်လက်ကြောင့် မြင်းခြံ စီမံကိန်းအနီး ယာမြေများ တစ်နှစ်အတွင်း ဆယ်ဆခန့်ဈေးမြင့်

Written By Unknown on Thursday, October 10, 2013 | 8:45 PM

မန္တလေး၊ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်အတွင်း တည်ဆောက်နေသော နိုင်ငံတကာ အဆင့်မီ သင်္ဘောဆိပ်ကမ်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် စီမံကိန်းတို့နှင့် နီးသော ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များကြောင့် တစ်နှစ်အတွင်း ဆယ်ဆခန့် ပေါက်ဈေး မြင့်တက် သွားကြောင်း အဆိုပါဒေသ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ စီမံကိန်းများ ပေါ်ပေါက်လာခြင်းကြောင့် တံတားဦး-မြို့သာ-မြင်းခြံ မော်တော်ကားလမ်းဘေးရှိ လယ်ယာမြေများကို မန္တလေးမြို့ခံ တရုတ်ဝယ်လက်များ အဓိက ဝယ်ယူပြီး လမ်းမဘေး ကားလမ်းနှင့် နီးပြီး နေရာအကွက်အကွင်း ကောင်းသည့်ပေါ် မူတည်၍ ပေါက်ဈေး ကွာခြားကာ အရောင်းအဝယ် ဖြစ်ကြောင်းမြို့သာမြို့ အခြေစိုက် မြေဝယ်ရောင်း လုပ်ကိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်းများအနီး ကျေးရွာယာမြေများသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခန့်က တစ်ဧကလျှင် ကျပ်သိန်း ၂၀ ခန့်ရှိခဲ့ရာမှ ယင်းစီမံကိန်းကို အကြောင်းပြုကာ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ သိန်း၂၅၀ ခန့်အထိ ပေါက်ဈေး ရှိလာကြောင်း မြင်းခြံမြို့နယ် ညောင်ပင်သာ ကျေးရွာ ရာအိမ်မှူး ဦးသိန်းထွန်းနိုင်က The Voice သို့ ပြောကြားသည်။

ယင်းစီမံကိန်းများကြောင့် အသိမ်းခံရသည့် လယ်ယာမြေ တစ်ဧကအတွက် မြေယာလျော်ကြေး ကျပ်သိန်း ၂၀ နှင့် ကျပ်ငါးသိန်းနှုန်း နှစ်မျိုးသာရကြောင်း ဆီမီးခုံဆိပ်ကမ်း အနီးရှိ ညောင်ပင်သာ ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ဝယ်တော့ ဝယ်နေကြတာပဲ။ ရောင်းသူကလည်း ရောင်းနေတာပဲ။ ဒီမြေရောင်းလိုက်တဲ့ငွေက ဘယ်လောက်အထိ အသုံးခံမှာလဲဆိုတာ စဉ်းစားပြီးမှ ရောင်းဝယ်သင့်တယ်” ဟု တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာတွင် နေထိုင်သူ တောင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Rayal Hi-Tech Company Group တို့ပူးပေါင်းကာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလခန့်မှ စတင်ကာ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် နိုင်ငံတကာအဆင့်မီ ဆီမီးခုံ သင်္ဘောဆိပ်ကမ်း စီမံကိန်းနှင့် ငါန်းဇွန်မြို့နယ် မြို့သာမြို့အနီးတွင် မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုမ္ပဏီထံမှ သိရှိရသည်။

The Voice Weekly