Home » » မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်

မလေးရှားရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေးဆောင်ပြီး နေရပ်ပြန်

Written By Unknown on Friday, October 25, 2013 | 3:58 PM

မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သား ၁၇၀ ကျော် ဒဏ်ကြေး ပေးဆောင်ကာ အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

တရားမဝင် လုပ်သားများ ပြည်တော် ပြန်ခွင့်ရရှိရန် အထူးဖြတ်သန်းခွင့် (Special Pass) ရရှိရေးအတွက် မလေးရှား လူဝင်မှု ကြီးကြပ်ရေးကို ရင်းဂစ် ၅၀၀ ပေးဆောင်ရပြီး ကလေးဆိုပါက ရင်းဂစ် ၃၀၀ ပေးရပြီး အခြားကိစ္စများ ဆောင်ရွက်ရန် ရင်းဂစ် ၁၅၀ ခန့် အလုပ်သမားများက ပေးဆောင်ရကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) ၏အဆိုအရ သိရှိရသည်။

ဒဏ်ကြေး ဆောင်ပြီးသူများ မြန်မာနိုင်ငံ ပြန်လာရန် လေယာဉ်လက်မှတ်ကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့က ပူးပေါင်း လှူဒါန်းကြောင်း သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) မှ အဖွဲ့ဝင် ဦးမြင့်အောင်က ပြောကြားသည်။
“ဒီတစ်ကြိမ်မှာတော့ လေယာဉ် လက်မှတ်လောက်ပဲ လှူဒါန်းတယ်။ နောက်တစ်ခေါက်ဆိုရင် ဒုက္ခသည်စခန်းက လူတွေခေါ်မယ်။ အဲဒီအခါတော့ အားလုံး Free ခေါ်မယ်” ဟု ၎င်းကဆိုသည်။

မလေးရှား ဒုက္ခသည်စခန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်ခန့် နေရပ်ပြန်ပို့ပေးရန် ကျန်ရှိနေသေးကြောင်းနှင့် MAI စင်းလုံးငှား လေယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါ မြန်မာလုပ်သား ၁၇၆ ဦး အနက် ကလေးငယ်ကိုးဦး ပါရှိကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့ထံမှ သိရှိရသည်။

ယခုပြန်လည် ရောက်ရှိလာသည့် လုပ်သားများမှာ မလေးရှားနိုင်ငံတွင် ဖမ်းဆီးမခံရရေး တိမ်းရှောင်နေရသူများ၊ အလုပ်လက်မဲ့ ဖြစ်နေသူများနှင့် မသန်မစွမ်း ဖြစ်နေသူများမှာ အများစု ပါဝင်ကြောင်း ပြန်လည် ရောက်ရှိ လာသည့် လုပ်သားများကို မေးမြန်းချက်အရ သိရသည်။
“ဟိုမှာနေရတာက ပတ်စ်ပို့ မရှိတော့ ဘယ်တော့ ဖမ်းမလဲဆိုပြီး လန့်နေရတယ်၊ အဲ့ဒါနဲ့ မထူးဘူးဆိုပြီး ပြန်လာခဲ့တာ” ဟု မလေးရှားနိုင်ငံတွင် သုံးနှစ်ခန့် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ဦးဇော်မြင့်အောင်က ပြောကြားသည်။

မလေးရှားရောက် မြန်မာလုပ်သားများကို ဆဋ္ဌမ အကြိမ်မြောက် ခေါ်လာခြင်း ဖြစ်ပြီး လုပ်သား တစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးထားပြီး ဖြစ်ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly