Home » » ဧရာဝတီတိုင်းအတွင်း ဘာသာရေး ပဋိပက္ခ ဖြစ်ပွား

ဧရာဝတီတိုင်းအတွင်း ဘာသာရေး ပဋိပက္ခ ဖြစ်ပွား

Written By Unknown on Monday, October 7, 2013 | 8:40 AM

ဧရာဝတီတိုင်း ​ကျောင်းကုန်းမြို့မှာ ​အသက် ​၁၄ ​နှစ်အရွယ် ​ဗုဒ္ဓဘာသာဝင် ​မိန်းကလေးတစ်ဦးကို ​မွတ်စလင်အမျိုးသားက  ​အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ​မနေ့တုန်းက ​မွတ်စလင်လူမျိုးပိုင် ​အိမ်ငါးလုံးကို ​ဗုဒ္ဓဘာသာဝင်တွေ ​ဖျက်ဆီးလိုက်တယ်လို့ ​သိရပါတယ်။

အဓမ္မပြုကျင့်ခဲ့သူကို ​ကျောင်းကုန်း ​ရဲစခန်းမှာ ​ထိန်းသိမ်းထားတာကို ​လူအယောက် ​၁၀၀ ​လောက် ​ရှိတဲ့ ​လူအုပ်ကြီးက ​တရားခံကို ​အပြင်ထုတ်ပေးဖို့ ​တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုကို ​ရဲတွေက ​ငြင်းဆိုတာကို ​မကျေနပ်တဲ့အတွက် ​အဆိုပါလူအုပ်ဟာ ​မွတ်စလင်တွေနေထိုင်ရာ ​အိမ်တွေကို ​ဖျက်ဆီးခဲ့ကြတာ ​ဖြစ်ပါတယ်။ ​ဒီအကြမ်းဖက်မှု ​အတွင်း ​ထိခိုက်ဒဏ်ရာရရှိမှုတွေ ​မရှိဘူးလို့ ​သိရပြီး ​ခုအခါ ​လုံခြုံရေးတွေ ​တိုးချဲ့ချထားပါတယ်။ 

ပြီးခဲ့တဲ့ ​တပတ်တုန်းကလည်း ​ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​ကမန်လူမျိုး ​မွတ်စလင်တွေနဲ့ ​ဗုဒ္ဓဘာသာဝင်တွေအကြား ​ပဋိပက္ခဖြစ်ပွားခဲ့ရာက ​အိမ်အလုံးပေါင်း ​၇၀ ​ထက်မနည်း ​မီးတင်ရှို့ခံရပြီး ​ဖျက်ဆီးခံရတဲ့ ​အိမ်အများစုက ​မွတ်စလင်တွေ ​ပိုင်ဆိုင်တဲ့အိမ်ဖြစ်ပါတယ်။


သံတွဲမြို့ ​ပဋိပက္ခ ​နောက်ဆက်တွဲ

ရခိုင်ပြည်နယ် ​သံတွဲမြို့နယ်အတွင်း ​ဖြစ်ခဲ့တဲ့ ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခမှာ ​ပါဝင်ပတ်သက်သူတွေလို့ ​ယူဆရတဲ့ ​လူပေါင်း ​၄၀ ​ကျော်ကို ​ရဲတွေက ​ဖမ်းဆီးလိုက်ပြီလို့ ​ဆိုပါတယ်။

မြန်မာအစိုးရ ​သတင်းဌာနကဖော်ပြချက်အရ ​လူပေါင်း ​၄၄ဦးကို ​ရဲ ​အာဏာပိုင်တွေက ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပြီး ​အဲဒီထဲမှာ ​ဗုဒ္ဓဘာသာဝင် ​ရခိုင်လူမျိုးဘယ်နှစ်ယောက်နဲ့ ​မွတ်စလင် ​လူမျိုးဘယ်နှစ်ယောက် ​ပါဝင်သလဲဆိုတာကိုတော့ ​ဖော်ပြထားခြင်းမရှိဘူးလို့ ​သိရပါတယ်။

သံတွဲမြို့ ​ပဋိပက္ခကြောင့် ​လူ ​၆ယောက်သေဆုံးခဲ့ပြီးတော့ ​အိမ်ခြေပေါင်း ​တစ်ရာကျော်လည်း ​မီးလောင် ​ပျက်ဆီးခဲ့သလို ​သမ္မတ ​ဦးသိန်းစိန် ​ရခိုင်ပြည်နယ်ကို ​သွားရောက်လည်ပတ် ​နေတဲ့ ​အချိန်အထိ ​ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစိုးရ ​အာဏာပိုင်တွေအနေနဲ့က ​အခုလို ​ဖမ်းဆီးမှုတွေပြုလုပ်နေပြီးဖြစ်ပေမယ့် ​မွတ်စလင် ​လူမျိုးတွေကို ​အနည်းအကျဉ်းသာ ​အကာအကွယ်ပေးတာဖြစ်တယ်လို့ ​စွပ်စွဲခံနေရပါတယ်။

ABC Radio Australia