Home » » ပြည်ပသို့ ကျွဲ၊ နွားများ တရားမဝင် တင်ပို့ခြင်း ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူရန် စီစဉ်

ပြည်ပသို့ ကျွဲ၊ နွားများ တရားမဝင် တင်ပို့ခြင်း ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူရန် စီစဉ်

Written By Unknown on Tuesday, October 22, 2013 | 5:24 PM

နေပြည်တော်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံမှကျွဲ၊ နွား၊ ဆိတ်များ ပြည်ပသို့ တရားမဝင် တင်ပို့မှု မြင့်တက်လာမှုကြောင့် ကျွဲ၊ နွား၊ ဆိတ်နှင့် မြင်း မှောင်ခို တင်ပို့သူများကို ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ ဥပဒေဖြင့် အရေးယူရန် စီစဉ်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်နေ့တွင် ပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင် မေးမြန်းသော ကျွဲ၊ နွားနှင့် ဆိတ်တို့ကို တရားမဝင် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကို တားမြစ်ရန် မေးခွန်းနှင့် ပတ်သက်၍ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကျွဲ၊ နွားများ မှောင်ခိုတင်ပို့မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာယာရေး နယ်နိမိတ် ဖြတ်ကျော်မှု မပြုရန် တင်းကျပ်စွာ တားမြစ်ထားကြောင်း၊ ကျွဲ၊ နွား၊ ဆိတ်နှင့် မြင်းများကို ယခင်က အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် တားမြစ်ထားသော်လည်း ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့်ပါ အရေးယူရန် စီစဉ်လျက် ရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆက်လက်ပြော ကြားသည်။

တားမြစ်ထားသော ကုန်ပစ္စည်းကို တင်ပို့ခြင်း (သို့မဟုတ်) တင်သွင်းခြင်း ပြုလုပ်လျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် ပြစ်ဒဏ်နှစ် ရပ်လုံးဖြစ်စေ ကျခံနိုင်သည်ဟု ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေတွင် ဖော်ပြထားသည်။

ကျွဲ၊ နွားများကို မြို့နယ်ဖြတ်ကျော် သယ်ဆောင်ခွင့် မရသောကြောင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများမှာ ဥပဒေအရ အရေးယူ ခံနေရပြီး စည်ပင်သာယာက ချပေးသော သားသတ်လိုင်စင်မှာလည်း မှောင်ခို များကြောင့် လိုင်စင်ဈေး ကြီးမြင့်ကာ အသားဈေးများ မြင့်တက် လာရကြောင်း မွေးမြူရေး လုပ်ငန်းရှင် ဒေါက်တာ ဒေါ်လှလှသိန်းက ဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြည်ပသို့ နွားတင်ပို့မှုကို မထိန်းချုပ်ကြောင်း၊ မျိုးမတုံးအောင် ကာကွယ်၍ တင်ပို့ခွင့် ပြုထားကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်တွင် ရောင်းလိုအားနှင့် ဝယ်လိုအားကသာ အဓိကကျကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ပညာရှင် ဒေါက်တာသန်းလှက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် ပြည်ပသို့ မှောင်ခို တင်ပို့မှုကြောင့် ကျွဲ၊ နွား ရှားပါး လာသဖြင့် နယ်ကျော် သယ်ဆောင်ရာ၌ အစိုးရ၏ ချုပ်ကိုင်မှု ဖြေလျှော့ပေးရန် မွေးမြူရေး လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြသည်။

ရှမ်းပြည်မြောက်ပိုင်း ပန်းဆိုင်း-ကြူကုတ်တွင် နွားများကို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ၁၂ ဘီးကားများဖြင့် သယ်ယူကာ မြို့ပြင်ရှိ နွားခြံတွင် သိုလှောင်ထားပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့မှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ခွင့်ပြုချက် လိုင်စင်ဖြင့် ဆိတ်အရှင် အကောင် ၅၀၀ နှင့် သိုးအရှင် အကောင် ၃၀၀ ကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly