Home » » ချောင်းကိုပိတ်၍ ငါးဖမ်းနေသည့်အတွက် ဒေသခံများ သွားလာရေးအခက်တွေ့နေ

ချောင်းကိုပိတ်၍ ငါးဖမ်းနေသည့်အတွက် ဒေသခံများ သွားလာရေးအခက်တွေ့နေ

Written By Unknown on Thursday, October 3, 2013 | 3:46 AM

အောက်တိုဘာလ ၂ ရက် (ဒေးဒရဲ)

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်က တော်ကနိ - ညောင်လိန်ကုန်း
ကျေးရွာကနေ ဒေးဒရဲမြို့ကိုသွားတဲ့ ကျုံကနက် ချောင်းထဲမှာ ချောင်းကိုကန့်လန့်ဖြတ်ပိတ်ပြီး ငါးဖမ်းပိုက်ဆင်ထားတာကြောင့် ဒေသခံတွေ သွားလာရေးအခက်တွေ့နေကြောင်း သတင်းရရှိပါတယ်။

ကျုံကနက်ချောင်းထဲမှာ ငါးဖမ်းပိုက် ၂ ခုကို အလျားလိုက် ချထားပြီး စက်လှေတွေ ၀င်ထွက်ဖို့ ၁၀ ပေလောက်ကျယ်တဲ့ အပေါက်တခုပဲ ဖောက်ထားပေးပါတယ်။
အဲဒီအပေါက်မှာ ၀ါးဘိုးဝါး ၄ လုံးကို အဆစ်နေရာက ပိုင်းဖြတ်ပြီး ကြိုးတုပ်ကာ ရေထဲမှာ ကန့်လန့်ချထားပြီး ငါးဖမ်းပိုက်ကို ၀ါးဘိုးဝါးနဲ့ တွဲထားပါတယ်။

ခရီးသွားစက်လှေတွေဟာ ၀ါးဘိုးဝါး ၄ လုံး ကန့်လန့်ခံထားတဲ့နေရာကို နေ့စဉ်နဲ့အမျှ ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီး ခရီးသွားနေရကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။

“ငါးဖမ်းတာက ဖမ်းပါ။ အခုက ချောင်းတခုလုံးကိုပိတ်ပြီး စက်လှေဝင်ဖို့ အပေါက်ကလေး တခုပဲ ဖောက်ထားပေးမယ်။ အဲဒီအပေါက်မှာလည်း ပေါင်လုံးလောက်ရှိတဲ့ ၀ါးဘိုးဝါးကြီး ၄ လုံးကို ကြိုးနဲ့တုပ်ပြီး ပေါလောပေါ်အောင် ချထားတော့ စက်လှေတွေက အဲဒီနေရာရောက်ရင် အဲဒါကြီးကို မနည်းဖြတ်ကျော်နေရတယ်။ လူက စက်လှေပေါ်က ခုန်ဆင်းပြီး ၀ါးဘိုးဝါးကို ရေထဲမြုပ်သွားအောင် တက်နင်းထားရတယ်။ အဲဒါလည်း တယောက်ထဲ နင်းလို့မရဘူး။ ဟိုဘက် ဒီဘက် ၂ ယောက်နင်းမှ ရတယ်။ အဲတော့ ကျန်းမာရေးကိစ္စလို အရေးပေါ်အခြေအနေဆိုရင် လူနာက အဲဒီနားတင် သေမှာပဲ”လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ကျုံကနက်ချောင်းအတွင်း ငါးဖမ်းခွင့်လိုင်စင် လေလံကို သိန်း ၆၀ နဲ့ ညောင်လိန်ကုန်း ကျေးရွာက အမျိုးသမီးလုပ်ငန်းရှင်တဦးက လေလံအောင်ထားပြီး ငါးဖမ်းနေတာ ဖြစ်ပါတယ်။

ဒီကိစ္စကို ဒေးဒရဲ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဆီ တင်ပြထားပေမယ့် ငါးလုပ်ငန်းဌာနက ယနေ့ထက်ထိ ခရီးသွားလာရေးအဆင်ပြေအောင် တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။

ကျုံကနက်ချောင်းဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ တော်ကနိ - ညောင်လိန်ကုန်းကျေးရွာက ဒေသခံတွေ ဒေးဒရဲမြို့ကိုသွားလို့ရတဲ့ တခုတည်းသော ရေလမ်းခရီးဖြစ်ပါတယ်။

by Myanmar News Now