Home » » ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ

ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ

Written By Unknown on Monday, October 7, 2013 | 5:02 AM

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။

" ည ၇ နာရီ ကျော်လောက်ကြတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲ့ကုလားရှိတဲ့ အိမ်မှာပဲ ဖြိုတယ်၊ ပြီးတော့ သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလား သင်္ဂျိုင်းမှာရှိတဲ့ အစောင့် တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်"

ကျောင်းကုန်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာခုနှစ်ရွာက လူတစ်ထောင်လောက် ရောက်လာကြပြီး အစ္စလာမ်ဘာသာဝင် ကိုလှဝင်းရဲ့ နေအိမ်နဲ့ သူ့ဆွေမျိုးတွေရဲ့ အိမ်လေးလုံးတို့ကို ဖျက်ဆီးလိုက်ကြ တာလို့ သိရပါတယ်။

နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင်မိသားစုဝင်တွေဟာလည်း ဘေးကင်းရာ တိမ်းရှောင်နေထိုင်ကြရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ဦးလှဝင်းနဲ့ အရွယ်မရောက်သေးတဲ့ မနှင်းယုယုခိုင် တို့နဲ့ ပတ်သက်တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ သွားရောက် ထိမ်းသိမ်းခဲ့သူ ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးသိန်းနိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

" ဖြစ်တာက ကလေးမလေးနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ တစ်လလောက်တည်းက အနိုင်ထက်ကျင့်တာတွေ ရှိတဲ့အတွက်ကြောင့် မအေက မသိဘူး၊ သိတဲ့အခါကျတော့ ရဲစခန်းမှာ တိုင်တဲ့ အခါကျတော့ ရဲကလည်း အချိန်မှီ တရားခံကို ခေါ်ထိန်းပြီးတော့၊ မနေ့က ညနေပိုင်းမှာပဲ မိုးချုပ်ခါစမှာ အဲ့မှာပဲ ပုသိမ်ကို ပို့လိုက်တယ်၊ ဒီတရားခံကို"

ဒီနေ့ ကျောင်းကုန်းမြို့ အခြေအနေဟာ တည်ငြိမ်နေပြီး ကျောင်းကုန်းမြို့က ရဲတွေအပြင် တိုင်းပြည်သူရဲကပါ မြို့တွင်း လုံခြုံရေး ယူထားတယ်လို့ ကျောင်းကုန်း ရဲစခန်းက ပြောပါတယ်။

RFA Burmese