Home » » ဇလွန်တွင် ကျောင်းသား ၃၀ ကျော် အစာအဆိပ်သင့်

ဇလွန်တွင် ကျောင်းသား ၃၀ ကျော် အစာအဆိပ်သင့်

Written By Unknown on Saturday, October 19, 2013 | 7:05 AM

ဟင်္သာတ၊ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး ကျောင်း မုန့်ဈေးတန်းမှ မုန့်စားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားကြောင်း ကျောင်းသားမိဘများက ပြောကြားသည်။ နေ့လယ် မုန့်စားကျောင်း ဆင်းချိန်တွင် မုန့်ဈေးတန်းမှ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ပဲရေခဲချောင်းတို့ကို ဝယ်စားရာမှ မူးဝေအော့အန်ကာ အစာအဆိပ်သင့်ခြင်း ဖြစ်ကြောင်း မိဘများက ဆိုသည်။

အစာအဆိပ်သင့်သည့် ကျောင်းသား ၁၈ ဦး၊ ကျောင်းသူ ငါးဦးတို့အနက် သတ္တမတန်း (င) မှ ကျောင်းသားတစ်ဦး၊ န၀မတန်း (က) မှ ကျောင်းသားတစ်ဦး၊ အဋ္ဌမတန်း (က) မှ ကျောင်းသူတစ်ဦးတို့ကို ဇလွန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းသန်းနှင့် အဖွဲ့က ကုသပေးလျက် ရှိကြောင်း ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကျန်ကျောင်းသား ၂၀ ကို ကျောင်းအုပ်ကြီး ရုံးခန်း၌ ဒေါက်တာကျော်ကိုထက်နှင့် အဖွဲ့က ဆေးကုသ ပေးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီတွင် နောက်ထပ် ကျောင်းသားလေးဦး၊ ကျောင်းသူငါးဦး ထပ်မံ မူးဝေအော့အန်သဖြင့် ကျောင်းအုပ်ကြီး ရုံးခန်း၌ပင် ဆက်လက်ဆေးကုသ ပေးခဲ့ပြီး စိုးရိမ်ရန် မရှိကြောင်း ဇလွန်ဆေးရုံကြီးမှ သိရသည်။

မြန်မာနိုင်ငံအတွင်း မြို့နယ်အချို့တွင် ယခုနှစ်အတွင်း အစားအစာစားသုံးရာမှ အစာအဆိပ်သင့်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး အများစုမှာ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းမှု မရှိမှုကြောင့် ဖြစ်သည်ဟု သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

The Voice Weekly