Home » » ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို

ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို

Written By Unknown on Thursday, October 31, 2013 | 2:39 PM

ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရသင့်ရထိုက်တဲ့ အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကို သိက္ခာရှိစွာသတင်းစာထဲကနေ ကြော်ငြာပြီး တောင်းတာပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေါ်စိုးမမမင်းက ပြည်မြို့တွင်သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့သည်ကို မူယာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးက အထက်ကခိုင်းသည်ဟုဆိုကာ ရပ်ကျေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ပြည်မြို့တရားရုံးက စက်တင်ဘာလ ၂၆ရက်တွင် ဒဏ်ငွေသုံးသောင်းအမိန့်ချခဲ့သေးသည်။

“ရပ်ကျေးဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။ ပြည်သူတွေ အကုန်သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းတာ ပါ။ ရပ်ကွက်လူကြီးကလည်း အထက်ကခိုင်းလို့ မလုပ်မဖြစ်လုပ်ရတယ်ဆိုပြီး လာတောင်းပန်တယ်။ ပညာပေးတဲ့ပုံနဲ့ နိုင့်ထက်စီးနင်းလုပ်ပြီးတရားစွဲတယ်”ဟု ဒေါ်စိုးမမမင်းက ပြောသည်။

ဒေါ်စိုးမမမင်းအား တရားရုံးကဒဏ်ငွေသုံးသောင်းချပြီးနောက်ပိုင်း အောက်တိုဘာလ ၁၄ ရက်က ဦးဝင်း မြင့်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ရက်က ပထမအကြိမ်ရုံးချိန်းတွင် လွှတ်တော် အမတ် ဦးဝင်းမြင့်က လာရောက်ခြင်းမရှိသဖြင့် နိုဝင်ဘာလ ၁၁ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု ဒေါ်စိုး မမမင်းက ပြောသည်။

ဦးဝင်းမြင့်အား ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ အခုလွှတ်တော်ရောက်နေတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် STRANDဟိုတယ်နှင့် KTV လုပ်ငန်းကိစ္စကိုလည်း ကိုယ်ရေးကိုယ်တာဖြစ်သောကြောင့် ဖြေကြားလိုခြင်း မရှိဟုဆိုသည်။

Written by  ရေခဲ(ပြည်)

Mizzima - News in Burmese