Home » » အတိုက်အခံများကို မေးမြန်းသည့်အတိုင်း အစိုးရကိုမမေးခြင်းသည် မီဒီယာများ၏ အားနည်းချက်

အတိုက်အခံများကို မေးမြန်းသည့်အတိုင်း အစိုးရကိုမမေးခြင်းသည် မီဒီယာများ၏ အားနည်းချက်

Written By Unknown on Friday, October 4, 2013 | 3:21 PM

နေပြည်တော်၊ အောက်တိုဘာ ၂

မီဒီယာများအနေနဲ့ အစိုးရကို မေးမြန်းရမည့် အချက်များအား မမေးမြန်းခြင်းသည် မီဒီယာ၏ အားနည်းချက်ကို ဖော်ပြသလို ဖြစ်နေပြီး အတိုက်အခံများအား မေးမြန်းသည့်အတိုင်း မေးမြန်းသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁ ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

နေပြည်တော်ရှိ တရားဥပဒေစိုးမိုးရေး ကော်မတီရုံးခန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်များက စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ လက်ရှိတာဝန်ရှိသူများကို သတင်းမီဒီယာများက မေးမြန်းသော်လည်း ပြန်လည် မဖြေကြားသည့်အပေါ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေနှင့် မည်ကဲ့သို့ သဘောထားရှိကြောင်း မေးမြန်းသည့်အပေါ် ယခုကဲ့သို့ ပြန်လည်ေ ဖြကြားခဲ့ခြင်း ဖြစ်သည်။

“မီဒီယာ ဘက်တွေကလည်း လိုတယ်။ မီဒီယာတွေဘက်က ကျွန်မတို့ဆိုလို့ရှိရင်တော့ အေးအေးဆေးဆေး မေးတယ်။ အဲဒီတော့ အစိုးရဘက်က ဆိုလို့ရှိရင်တော့ သူတို့က ရှောင်ပြီးတော့ မဖြေတဲ့အခါကျရင် ရှောင်ခွင့်ပေးတယ်။ ဘာလို့ ရှောင်ခွင့်ပေးသလဲ။ ရှောင်ခွင့်မပေးနဲ့။ အဲဒါ မီဒီယာမှာ တာဝန်ရှိတယ်။ ရှောင်နေလို့ရှိရင် မီဒီယာက ဒါ အားနည်းလို့ပဲ။ ရှောင်ခွင့် မပေးနဲ့လေ။ ….ရအောင် ဖြေခိုင်းပေါ့။ ဘယ်သူ တာဝန် ယူတာလဲ၊ ဒါ ဒီဟာကို ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဒါ နောက်ဆုံးကျတော့ ဒီကိစ္စက အစိုးရက တာဝန် ယူရမယ်နော်။ ဒီအောက်က လူတွေ မဖြေရင် အစိုးရက အမြင့်ဆုံး သမ္မတကြီးပဲ။ သမ္မတကြီး ဖြေမလား” ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို မေးမြန်းခဲ့သည်။

သူက ဆက်လက်ပြီး “အန်တီတို့က မီဒီယာနဲ့ ဆက်ဆံဖို့ဟာ ၀န်မလေးဘူး။ ဒါဟာ ဒီမိုကရေစီမှာ နိုင်ငံရေး သမားများရဲ့ တာဝန်လို့ အန်တီ လက်ခံတယ်။ လက်ခံတယ်ဆိုတော့ တချို့က ပြောတယ်။ အန်တီ့ကို ခက်ခက်ခဲခဲ မေးတယ်။ ဒါက ခက်ခက်ခဲခဲ မေးတာက မီဒီယာနဲ့ ဆိုင်တယ်။ ပြန်ဖြေဖို့က အန်တီ့မှာ တာဝန်ရှိတယ်။ လုပ်မှာ။ မီဒီယာမှာလည်း တာဝန်ရှိတယ်။ မျှမျှတတ ဆက်ဆံရမယ်။ ဟုတ်လား။ အတိုက်အခံတွေ ဘက်က၊ အန်တီတို့က အတိုက်အခံတွေဘက်က ထားလည်း ရပါတယ်။ အတိုက်အခံတွေကို မေးနိုင်သလို၊ မေးသလို အစိုးရပိုင်းကိုလည်း ရအောင် မေးရမယ်။ ကတ်ကတ်သပ်သပ် မေးရမယ်၊ ရအောင် မေးရမယ်။ မဖြေလို့ရှိရင် မဖြေကြောင်းကို စာလုံးမည်းကြီးတွေနဲ့ တစ်ခါတည်း ရေးရမယ်။ အစိုးရဘက်က မဖြေပါဘူးဆိုတာ။ အဲဒီတော့ အဲဒါ မီဒီယာဘက်မှာလည်း တာဝန် ရှိတယ်”” ဟု ဆက်လက် ပြောကြား ခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအနေဖြင့် ထိုသို့ မေးခွန်းများ မေးမြန်းမှုကို ဖြေကြားမှုမရှိခြင်းနှင့် ပတ်သက်၍လည်း မီဒီယာသမားများ ဆောင်ရွက်သင့်သည်ကို ထောက်ပြ ဝေဖန်သွားခဲ့ရာတွင် “မဖြေရဲလို့လား၊ မဖြေတတ်လို့လား။ ဒီမိုကရေစီကို အယုံအကြည် မရှိလို့လား။ အဲဒီလို မဖြေတဲ့ အစိုးရက တကယ်ပဲ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတယ်ဆိုတာ ယုံရမှာလား။ မေး အဲဒီလို။ ကိုယ့်မှာတာဝန်ရှိတယ်” ဟု ထည့်သွင်း ပြောကြားသွား ခဲ့သည်။

ပြည့်စုံ၊ အောင်ထွန်းလင်း

Myanmartandawsint Newspaper