Home » » လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ

လက်ပံတောင်းမှာ ဒေသခံရာနဲ့ချီ ဆန္ဒပြ

Written By Unknown on Friday, October 11, 2013 | 2:51 AM

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက ယာမြေတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ခြံစည်းရိုးခတ်ထားတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီနေ့ ဝက်မှေးရွာဟောင်းကနေ ရန်မျိုးအောင်စေတီအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြ ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ ပြီးဆုံးမှသာ ကြေးနီစီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။

“ဒေသခံပြည်သူတွေနဲ့ မညှိနှိုင်းပဲနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စတင်လုပ်တယ်၊ လယ်ယာမြေတွေထဲကို စိုက်ပျိုးထားတဲ့ အသီးအနှံပျက်စီးအောင်လို့ ခြံတွေခတ်တယ်၊ အဲတာကြောင့်မို့ ကျမတို့က မကျေနပ်လို့၊ ဝက်မှေးရွာဟောင်းအနေနဲ့ အစီရင်ခံစာထွက်ပြီးတဲ့နောက်မှာ ဒါပထမဆုံးအကြိမ် ဆန္ဒပြရခြင်းဖြစ်တယ်၊ လယ်ယာမြေအငြင်းပွားမှုမပြီးမချင်း ဒီဒေသခံပြည်သူတွေရဲ့ လယ်ယာမြေထဲကို အဆောက်အဦးဆောက်တာမျိုးတွေ၊ ခြံစည်းရိုးခတ်တာမျိုးတွေကို ကျမတို့ကမလုပ်စေချင်ဘူး၊ ဒေသခံတွေနဲ့ ညှိနှိုင်းဆွေးနွေးစေချင်တယ်”

ကြေးနီိစီမံကိန်းထဲပါဝင်တဲ့ ယာမြေတွေကို အစိုးရက အခုလ ၃ရက်နေ့ကစတင်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ ခြံစည်းရိုးခတ်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီအထိ ချီတက်ဆန္ဒပြဖို့ခွင့်တောင်းခဲ့ပေမဲ့ အစိုးရက အဲဒီကုမ္ပဏီရှေ့အထိ ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲဟာ လမ်းမှာပဲ ပြီးဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ယာမြေတွေမှာ ခြံစည်းရိုးခတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

RFA Burmese